![]()
သံလွင်ခက်/ဧပြီ ၇။ ပုံစာ – ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ခက် ဆေးရုံဟောင်းကို ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့စဉ် (ပုံဟောင်း)
ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ရာ ကျောက်ခက်ကျေးရွာအတွင်းသို့ စစ်ကော်မရှင် တပ်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက် (တနင်္ဂနွေနေ့) ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ကျောက်ခက်ကျေးရွာရှိ ဆေးရုံဟောင်းအနီးနှင့် လူနေအဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဒေသခံအမျိုးသား ၁ ဦး၊ ၂၀ အရွယ် အမျိုးသား ၂ ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ဒဏ်ရာပြင်းထန်သည့် ၂ ဦးကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားရသည်။
“ဒီရက်ပိုင်း လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတာ။ ရွာထဲမှာတော့ လူတွေက ပုံမှန်အတိုင်း သွားလာနေကြပေမဲ့ ညဘက်ကြီး ရုတ်တရက်ကျလာတော့ ထိခိုက်မှုတွေ ရှိသွားတာပေါ့” ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိတွင် ပစ်ခတ်မှုကြောင့် သေဆုံးသူ မရှိသေးကြောင်း အတည်ပြုရသော်လည်း ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ DKBA ထိန်းချုပ်ရာ ကျောက်ခက်ဆေးရုံဟောင်းနေရာသည် ယခင်ကတည်းက စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် အားထားရာနေရာတစ်ခု ဖြစ်ခဲ့သည်။
ယခင်ကလည်း အဆိုပါဆေးရုံဝန်းကျင်ကို စစ်ကော်မရှင်တပ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် သာဓကများ ရှိခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ကလည်း နံနက်ပိုင်းတွင် ဒရုန်းနှစ်စင်းဖြင့် အဆိုပါ ဆေးရုံဟောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံအဆောက်အအုံအတွင်းရှိ အခန်းတစ်ခန်း ပျက်စီးခဲ့ဖူးသည်။
၎င်းဆေးရုံသည် စာသင်ကျောင်းနှင့် တရုတ်ကျားဖြန့်လုပ်ငန်းခွင်တစ်ခုအကြား တည်ရှိသဖြင့် အရပ်သားများ ထိခိုက်နိုင်ခြေ အလွန်မြင့်မားသည့် နေရာဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ကော်မရှင်နှင့် DKBA အကြား ဆက်ဆံရေး တင်းမာလာမှုကြောင့် DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့် (Online Scam) လုပ်ငန်းခွင်များကို စစ်ကော်မရှင်ဘက်က ပစ်မှတ်ထား ဖိအားပေးလာခြင်းဖြစ်နိုင်ကြောင်း နယ်စပ်အရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။
#DKBA #ဆေးရုံအဟောင်း #လက်နက်ကြီးပစ်ခတ် #ThanLwinKhetNews
