![]()
သံလွင်ခက်/ဧပြီ ၆။ ဓါတ်ပုံ – ယောအလင်းတန်း
မကွေးတိုင်း၊ ဆောမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် တရားခံ မင်းမင်းစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မြို့နယ်တရားရုံးက ဧပြီ ၂ ရက်တွင် သေဒဏ်ချမှတ်လိုက်သည်ဟု ယောအလင်းတန်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆောမြို့ သီရိ ရတနာ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ မင်းမင်းစိုးက လာရောက်ခေါ်ဆောင်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“သူက အိမ်ထောင်သည်ပဲ။ အရင်က သူတို့ လင်မယားနှစ်ယောက်စလုံးက တော်လှန်ရေးမှာ ဝင်တယ်။ ဒီကိစ္စ မကျူးလွန်ခင်တည်းက အဖွဲ့ထဲက ထွက်တာလား။ ကျူးလွန်ပြီးမှာ ထွက်တာလားဆိုတာတော့ မသိရတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဆောမြို့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအခန်းတစ်ခုအတွင်း၌ ပုပ်ပွနေသော အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။ ယင်းအလောင်းမှာ မင်းမင်းစိုး ခေါ်ဆောင်သွားသည့် မိန်းကလေးငယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် တရားခံကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ က ကျူးလွန်သူအား ဖမ်းဆီးပြီးနောက် တရားဥပဒေအတိုင်း အရေးယူနိုင်ရန် NUG ၏ မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ၅ လကျော်ကြာ ကြားနာစစ်ဆေးခဲ့သည်။
ရုံးထုတ်စစ်ဆေးမှုများအတွင်း တရားခံက ၎င်းကိုယ်တိုင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ထို့ကြောင့် ဆောမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၀၂ (လူသတ်မှု) နှင့် ပုဒ်မ ၂၀၁ (အလောင်းဖျောက်မှု) တို့ဖြင့် စွဲချက်တင်ခဲ့သည်။ ယင်းနောက် ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ပုဒ်မခွဲ (၁) (ဂ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သက်ငယ်မုဒိမ်းနှင့် လူသတ်မှုဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်ကလည်း ဆောမြို့ဒေသခံပြည်သူများ စုဝေးခဲ့ကြကာ တရားခံ မင်းမင်းစိုးကို သေဒဏ်ချမှတ်ပေးရန် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
#သက်ငယ်မုဒိမ်း #အလောင်းဖျောက်ခဲ့သူအမျိုးသား #NUG #သေဒဏ်ချမှတ် #ThanLwinKhetNews
