![]()
အက်သားရီ/ဧပြီလ ၆။ ပုံ – သံလွင်ခက်
ကရင်နီ နယ်စပ်၊ မယ်စဲ့မြို့နယ်သို့ စစ်ရှောင်လာကြသည့် ဖယ်ခုံအရှေ့ဖက်ခြမ်းရှိ ပြည်သူများသည် စားဝတ်နေရေးအတွက် တောင်ယာကို လုပ်ကိုင်ကြရာ၌ အသုံးအဆောင်များဖြစ်သည့် ပေါက်ပြား၊ ဓားမ များကို မဝယ်နိုင်ကြဘဲ အိမ်ထောင် ၂ စု၊ ၃ စု ပေါင်း၍ မျှသုံးနေရကြောင်း စစ်ရှောင်နေသူများထံမှ သိရသည်။
ဖယ်ခုံဒေသခံများသည် ယခင်က အင်းလေးကန်၏ ရေအရင်းမြစ်ကို အသုံးပြုကာ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးခဲ့ကြသူများဖြစ်သော်လည်း ယခုအခါ စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာရကာ ကျွမ်းကျင်မှုမရှိသည့် တောင်ယာလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။
အဆိုပါ စစ်ရှောင်စခန်းရှိ အသက် ၅၀ အရွယ် အမျိုးသမီးက “တချို့ ပေါက်ပြား မရှိတာထက် ဓားတောင် မဝယ်နိုင်တဲ့လူတွေလည်း ရှိတယ်။ နှစ်အိမ် သုံးအိမ်မှ တစ်ခုထဲ မျှသုံးတော့ တောင်ယာ လုပ်တာအဆင်မပြဘူး” ဟု သံလွင်ခက်ကို ပြောသည်။
စားဝတ်နေရေးအတွက် ၎င်းတို့ စစ်ရှောင်စခန်းတွင်လည်း သက်ကြီးရွယ်အိုများမှ လွဲ၍ ကျန်နေသူ အများစုသည် တောင်ယာများကို ခုတ်ထွင်ရှင်လင်းနေကြကြောင်း သိရသည်။
လက်ရှိ စစ်ရှောင်စခန်း၌ အိမ်ထောင်စု ၂၅၀ နှင့် လူဦးရေ ၇၉၀ ဝန်းကျင်ခန့် ရှိပြီး ဆန်ကို ပုံမှန်ရရှိသော်လည်း အခြားသော မီးဖိုချောင် အသုံးအဆောင်များဖြစ်သည့် ဆီ၊ ဆား၊ ငရုတ် စသည့် လိုအပ်ချက်တွေ များစွာ ရှိသေးကြောင်း ၎င်းတို့က ဆိုသည်။
“တောင်ယာလည်း တစ်ခါမှ မလုပ်ဖူးကြတော့ အခက်တွေ့တယ်။ အစားအသောက် အဆင်မပြေတော့ ပိုဆိုး၊ အရမ်း စိတ်ပျက်ကုန်ကြပြီ” ဟု အဆိုပါ အမျိုးသမီးက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)တပ်တို့ ပူးပေါင်းစစ်ကြောင်းဖြင့် ထိုးစစ်ဆင်ရာ၌ ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ ကျေးရွားများမှာ ထွက်ပြေးစစ်ရှောင်ခဲ့ကြရခြင်းဖြစ်သည်။
