အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ အဆမတန်မြင့်တက်နေတဲ့ကုန်စျေးနှုန်း
*********************
ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၂၃၊ ၂၀၂၃။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလက အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၃၆၀၀ ကနေ ၄၈၀၀ကျပ်အထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ၅ နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့စစ်ကောင်စီက အနိမ့်ဆုံး လုပ်ခလစာနှုန်းထား ၄၈၀၀ ကျပ် ကိုမပြောင်းလဲဘဲနောက်ထပ်အပိုထောက်ပံ့ငွေ ၁၀၀၀ ကျပ်တိုးပေးရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။
အခုလက်ရှိ ကုန်ဈေးနှုန်းနဲ့ယှဉ်ရင် ငွေ ၁၀၀၀ ဆိုတာက ကန်စွန်းရွက် ၁ စည်းစာသာသာပဲရှိတာကြောင့်အလုပ် သမားတွေအနေနဲ့ ၁ ရက်လုပ်ခလစာ ၁၀,၀၀၀ လောက်ရမှသာ ပြေလည်နိုင်တော့မယ့်အခြေအနေပါ။
အခုလို အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အလုပ်သမားတွေကို အပိုထောက်ပံ့ငွေ ၁၀၀၀ ကျပ်တိုးပေးလိုက်တာက ဘာအကျိုးသက်ရောက်မှုမှတော့ ရှိလာမှာမဟုတ်ဘူးလို့ရန်ကုန်မြို့နေ အမျိုးသားဒေသခံ ၁ ဦးက ပြောပါတယ်။
“ဆင့်ပါးစပ် နှမ်းပက်သလို ရယ်စရာကြီး။ ပြည်သူတွေကို စည်းရုံးကြည့်တာပါ။စေတနာပါလို့မဟုတ်ဘူး” လို့ ပြော ပါတယ်။
အခုနှစ် ၂၀၂၃ ခုနှစ် မေလ ၁ ရက်မှာကျရောက်ခဲ့တဲ့ အလုပ်သမားနေ့ကလည်းသွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် – မြန်မာ (STUM) က အနိမ့်ဆုံးလုပ်ခလစာ(minimum wage) ကို ကျပ် ၁၀,၀၀၀ အထိ တိုးမြှင့်ရရှိရေး တောင်းဆိုခဲ့ပါသေးတယ်။
အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာတော့ ၁ နာရီ ၆၀၀ကျပ်နှုန်းနဲ့ ၁ ရက်အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်နှုန်းဖြစ်တယ်လို့ နေပြည် တော်မှာ ၂၀၁၈ခုနှစ်ကကျင်းပခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီပဉ္စမအကြိမ်ညှိနှိုင်းအစည်း အဝေးမှာ ဆုံးဖြတ်သတ်မှတ်လိုက်တာပါ။
၂၀၁၈ ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းကိုလေ့လာကြည့်ရင် ရွှေဘိုပေါ်ဆန်းမွှေး ၁ ပြည်ကို၂,၅၀၀ ကျပ်၊ ဧည့်မထဆန် ၁ ပြည်ကို ၁၄၀၀ ကျပ်ဝန်းကျင် ၊ စားအုန်းဆီ ၁ ပိဿာကို ၂,၀၇၅ကျပ်ဝန်းကျင်နဲ့ ဒီဇယ် ၁ လီတာကို ၁,၀၄၀ ကျပ်ဝန်းကျင်သာရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းကသတ်မှတ်ထားခဲ့တဲ့ လုပ်ခလစာ ၄၈၀၀ ကျပ်က မပြောင်းလဲသွားပေမယ့် ၅နှစ်အကြာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက ၂ ဆကျော်မြင့်တက်သွားပြီး ရွှေဘိုပေါ်ဆန်းမွှေး ၁ ပြည်ကို ၅,၂၀၀ ကျပ်၊ ဧည့်မထ ဆန် ၁ ပြည်ကို ၂,၉၀၀ကျပ်၊ စားအုန်းဆီ ၁ ပိဿာကို ၅,၁၅၀ ကျပ်ဝန်းကျင်နဲ့ ဒီဇယ် ၁ လီတာကို ၂၁၀၀ ကျပ်အထိရှိလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကိုဗစ် – ၁၉ ကပ်ရောဂါစတင်ဝင်ရောက်လာခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လတုန်းကလည်းပြည်သူတွေက ကုန်ပစ္စည်းတွေအလုအယက်ဝယ်ယူကြတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ကြုံတွေ့ခဲ့ရပါသေးတယ်။
အာဏာမသိမ်းခင် ၁ လအလို ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ရွှေဘိုပေါ်ဆန်းမွှေး ၁ ပြည်ကို ၂,၃၀၀ကျပ်၊ ဧည့်မထဆန် ၁ ပြည်ကို ၁,၅၀၀ ကျော်၊ စားအုန်းဆီ ၁ ပိဿာ ၂,၄၀၀ ကျပ်ဝန်းကျင် နဲ့ ဒီဇယ် ၁လီတာကို ၇၅၀ ကျပ်ကျော်ရှိခဲ့ပါတယ်။
အာဏာသိမ်းကာလ ၃ နှစ်နီးပါးအတွင်း စစ်ကောင်စီက နိုင်ငံ့စီးပွားရေးကျဆင်းမှုကိုမဖြေရှင်းနိုင်တော့ဘဲ ကုန် ဈေးနှုန်းကိန်းဂဏန်းတွေက အခြေခံလူတန်းစားတွေရဲ့နေထိုင်စားသောက်ရေးကို ခြိမ်းခြောက်လာတဲ့အထိ ဆက် လက်မြင့်တက်လာခဲ့ပါတယ်။
စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကအတော်လေးယိုယွင်းလာပြီး နိုင်ငံ တကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့လည်း ကြုံတွေ့နေရတဲ့အပြင်နိုင်ငံခြားကုမ္ပဏီတော်တော်များများလည်း ပြည်တွင်းကနေ ထွက်ခွာသွားကြတာကြောင့် မြန်မာနိုင်ငံမှာအလုပ်လက်မဲ့ဦးရေပိုမိုများပြားလာပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားအခွင့်အရေးအတွက်ကူညီဆောင်ရွက်ပေးသူတွေကိုလည်း ပုဒ်မအမျိုးမျိုးတပ်ပြီး စစ်ကောင်စီက တရားစွဲဆိုနေတဲ့အတွက်ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရပါ တယ်။
စစ်တပ်နဲ့ ပလဲနံပသင့်တဲ့ ခရိုနီကုမ္ပဏီတွေနဲ့ ရာထူးကြီးသူတွေကလည်းအလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်တာ၊ မတရားခိုင်းစေတာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေကို အစဥ်အဆက်ဆိုသလို ဆက်ပြီးကျူးလွန်နေ ကြပါတယ်။
ဥပဒေစိုးမိုးမှုလျော့နည်းလာတဲ့ စစ်အာဏာရှင်ခေတ်မှာ ခိုးဆိုးလုယက်မှုတွေလည်း ပေါများနေပြီးတရားဥပဒေအရ တရားမျှတမှုရရှိနိုင်ဖို့ဆိုတာ မလွယ်ကူတော့တဲ့အခြေအနေပါ။
အလုပ်အကိုင်တွေ ရှားပါးလာတဲ့အခြေအနေမှာ အလုပ်သမားတွေအနေနဲ့မိသားစုစားဝတ်နေရေးဖြေရှင်းဖို့ အတွက် ရရာအလုပ်ကို ပေးတဲ့လစာနဲ့ ကျေနပ်ပြီးလုပ်နေကြရတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် အချိန်တွေ ကြာလာလေ ဝင်ငွေထက်ထွက်ငွေကပိုမိုများပြားလာတဲ့ပြည်သူတွေအနေနဲ့ ဆက်လက်နေထိုင်ရပ်တည်ဖို့ ခက်ခဲ လာပါတော့တယ်။
ကိုဗစ်နဲ့စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်းသိသိသာသာကျဆင်းသွားတာက ဝယ်လိုအားဖြစ်ပြီးဝယ်လိုအားကျ ဆင်းသွားရခြင်းရဲ့ အဓိကအကြောင်းရင်းက စီးပွားရေးကျဆင်းတဲ့အတွက် လူအများစုမွဲတေသွားတာကြောင့်ဖြစ် ပါတယ်။ လူတွေရဲ့ ဝယ်နိုင်တဲ့စွမ်းအား
ကျဆင်းသွားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဇိမ်ခံပစ္စည်းတွေအသုံးမပြုဘဲခြိုးခြံချွေတာနိုင်ရင်တောင်မှ အာဟာရမျှတအောင် စားသောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့အခြေအနေပါ။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်နဲ့ မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ငပိရည် ကျိုကအစ ဈေးတက်လာလို့ စားသောက်ရေးက ပိုမိုခက်ခဲလာပါတယ်။ ကြက်သွန်နီ ၁ ပိဿာ၅,၀၀၀၊ ကြက်သွန် ဖြူ ၁ ပိဿာ ၂၀,၀၀၀၊ နံနံပင် ၁၀ သား ၃,၅၀၀နဲ့ ငပိရည်ကျို ၁ ပိဿာကို အနိမ့်ဆုံး၂၀,၀၀၀ကနေ ၄၀,၀၀၀ အထိ ရှိနေပြီလို့ ရန်ကုန်မြို့နေအိမ်ရှင်မ ၁ ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်က ကျပ်ငွေ ၂၀,၀၀၀ တန်ထုတ်ဝေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ဝေထားတဲ့ ၂၀၀ ကျပ်တန်ကနေစပြီး ၁၀,၀၀၀ကျပ်တန်အထိ ငွေစက္ကူတွေရေတွက်မယ်ဆိုရင်တောင် ကျပ် ၂၀,၀၀၀ မပြည့်တဲ့အချိန်မှာ အခုလိုမျိုးကျပ် ၂၀,၀၀၀ ထုတ်ဝေလိုက် တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။
နိုင်ငံအနှံ့အပြား စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေတာကလည်း အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲနဲ့ အခြား စိုက်ပျိုးသီးနှံတွေရဲ့ဈေးနှုန်းမြင့်တက်ရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်နေခဲ့ပါတယ်။
ရွှေဘိုပေါ်ဆန်းမွှေးထွက်ရှိရာဒေသလို့ နာမည်ကျော်ကြားတဲ့ စစ်ကိုင်းတိုင်း၊ပဲဆီသန့်သန့်ထွက်ရှိရာဒေသဖြစ်တဲ့ မကွေးတိုင်း၊ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်၊စစ်ကောင်စီရဲ့လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကြုံနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်၊ကရင်နဲ့ ချင်းပြည်နယ်တွေမှာလည်း တိုက်ပွဲတွေမကြာခဏဖြစ်ပွား နေတာကြောင့်ဒေသခံပြည်သူတွေနေရပ်စွန့်ခွာတိမ်းရှောင်နေရသလို စစ်ကောင်စီရဲ့မီးရှို့ဖျက်စီးမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေရသူတွေလည်း အများအပြားရှိနေပါတယ်။
နေအိမ်တွေအပြင် တောင်သူတွေစိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ လယ်ယာမြေတွေလည်းမီးရှို့ဖျက်ဆီးခံနေရတာ ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမလုပ်ကိုင်နိုင်ကြတော့ဘဲ ရန်ကုန်နဲ့ဧရာဝတီတိုင်းလောက်မှာသာ စိုက် ပျိုးရေးကို လုပ်ကိုင်နိုင်ကြပါတော့တယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်ပစ္စည်းတွေကို ပြင်ပပေါက်ဈေးထက်အဆမတန်ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေရပါ တယ်။
ကရင်နီပြည်ထဲကမြို့နယ်တချို့မှာဆိုရင်လည်း စားနပ်ရိက္ခာပြတ်လပ်မှုတွေကြောင့် ဆန် ၁ အိတ်ကို၂၀၀,၀၀၀၊ ဆီ ၁ ပိဿာကို ၅၀,၀၀၀နဲ့ ကြက်ဥ ၁ လုံးကို ၁,၀၀၀ကျော် ပေးဝယ်ရတဲ့အထိကုန်ဈေးနှုန်းကမြင့်တက်နေပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက ၁၀၀ ကျပ်တန်တဲ့ပစ္စည်း ၁ ခုဟာ ၂၀၁၆ခုနှစ်မှာ ၁၆၀ ကျပ်စျေးရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ၁၇၂ ကျပ်၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ၁၉၀ကျပ်စျေးအထိမြင့်တက်သွားပါတယ်။ ဒါက မြန်မာနိုင်ငံတော် ဗဟို စာရင်းအင်းဌာနကထုတ်ပြန်ထားတဲ့တရားဝင်ကိန်းဂဏန်းတွေအပေါ် အခြေခံတွက်ချက်ထားတာလည်းဖြစ်ပါတယ်။
အာဏာသိမ်းကာလ ၃ နှစ်နီးပါးကြာလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံကလူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမ္မဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။
အာဏာမသိမ်းခင်က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ ရှိခဲ့ရာကနေ အခုတော့ ၃၅၀၀ကျပ်အထိ ပေးဝယ်နေရပြီး အလုပ်လုပ်ဖို့ ပြည်ပထွက်ခွာမယ်ဆိုရင်လည်း ပတ်စ်ပို့အတွက်ကြိုတင်ခွန် ၆လစာဆောင်နေရတယ်လို့ ပြည်ပထွက်ဖို့ ကြိုးစားနေသူတွေဆီကနေ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကို မထိန်းချုပ်နိုင်တော့တာကြောင့်ကျပ်ငွေဈေးတဖြည်းဖြည်းကျဆင်းလာပြီး အခြေခံလူတန်းစားတွေအတွက် နိုင်ငံခြားထုတ်ကုန်တွေဝယ်ယူသုံးစွဲနိုင်ဖို့ဆိုရင် ပိုလို့တောင် အလှမ်းဝေးလာပါ တယ်။
အရင်က ၁၀,၀၀၀ ကျပ်တန်ပစ္စည်းကို အခု ၁၀,၀၀၀ ပေးပြီးဝယ်လို့မရတော့သလို အခု ၁၀,၀၀၀တန်ပစ္စည်း ကလည်း အရင်လိုအရည်အသွေးမျိုးမရနိုင်တော့ဘူးလို့ အမျိုးသားလူငယ် ၁ ဦးကဆိုပါတယ်။
“မျက်နှာသစ်ဆေးဆို အရင်ဝယ်သုံးတာက ဈေးတက်လို့ တခြားဟာတွေ ဝယ်သုံးပေမယ့် မပြောင်ဘူး။အရည် အသွေးက မကောင်းဘူး။ ပစ်လိုက်ရတယ်။ သွားတိုက်ဆေးဆိုလည်း အဲ့လိုပဲ” လို့ပြောပါတယ်။
ကုန်ဈေးနှုန်းတွေအပြင် အိမ်ငှားရမ်းခတွေလည်း ဈေးမြင့်တက်လာတာကြောင့် အဘက်ဘက်ကခက်ခဲတွေနဲ့ ပြည်သူအများရင်ဆိုင်နေကြရပါတယ်။
“အိမ်ငှားဈေးတွေက တက်ပြီးရင်းတက်နေတာပဲ။ အပေါ်ဆုံးထပ်ဆိုရင်ကို အနိမ့်ဆုံး ၁ လ ၂၀၀,၀၀၀ရှိတယ်။ ဒါ တောင် သာကေတလိုနေရာမျိုးပဲ ရနိုင်တယ်။ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်တွေဆိုရင်အပေါ်ဆုံး ထပ်အခန်းတွေဆို ၂၅၀,၀၀၀ နဲ့တောင် ရှာလို့မလွယ်ဘူး” လို့ ရန်ကုန်မြို့နေ အိမ်ငှား ၁ ဦးကပြောပြပါတယ်။
ဆေးဝါးတွေကလည်း ဈေး ၂ ဆတက်သွားပြီး နေ့စဉ်မှီဝဲရမယ့်ဆေးဝါးတွေကို ပုံမှန်မှီဝဲဖို့ကတောင်အနိုင်နိုင်ပါပဲ။ ပြင်ပဆေးခန်းတွေမှာ ဆေးကုသမှုခံယူနိုင်ဖို့လည်း မလွယ်ကူတော့ပါဘူး။အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက လည်း ဈေးတွေတက်လာသလို တချို့ကုန် ပစ္စည်းတွေဆိုရင်လည်းအရည်အသွေး ကျဆင်းသွားတာတွေရှိနေလို့ ကျန်းမာရေးအတွက်လည်းစိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ အမျိုးသမီးပြည်သူတွေဆီကနေ ကြားသိရပါ တယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ နိုင်ငံအနှံ့ကမြို့နယ်တော်တော်များများမှာစက်သုံးဆီဈေးတွေမြင့်တက်သွားပြီး အချို့ နေရာတွေမှာဆိုရင်လည်း ဆီဖြည့်ဖို့တန်းစီစောင့်ဆိုင်းနေရသလို ဆီပြတ်လပ်တာတွေလည်း ရှိခဲ့ပါတယ်။
”မီးစက်အတွက်ဝယ်ထားတဲ့ဓာတ်ဆီ ၁ ဂါလံကို ကားထဲထည့်ပြီး ဆီဆိုင်တွေမှာကားဆီဖြည့်ဖို့သွားလိုက်တာ။ ထည့်ထားတဲ့ဓာတ်ဆီ ၁ ဂါလံသာကုန်သွားတယ်။ ဆီတော့ ရမလာခဲ့ဘူး”ဟု ရန်ကုန်ကဆီဆိုင် ၁ ဆိုင်မှာ တနေကုန်စောင့်ဆိုင်းပြီး ဆီရဖို့ကြိုးစားခဲ့ပေမယ့် ရမလာခဲ့သတဲ့ ရန်ကုန်မြို့ခံ ၁ ဦးက သံလွင်ခက်ကိုပြောပါတယ်။
အခြေခံစားသောက်ကုန်ကစပြီး နေ့စဉ်သုံးပစ္စည်းတွေ၊ ဆေးဝါးနဲ့ ယာဉ်စီးခတွေပါဈေးနှုန်းမြင့်တက်လာတာ ကြောင့် အသက်ရှူပေါက်တောင် ရှာမတွေ့ဘူးလို့ လူမှုကွန်ရက်တွေမှာရေးသားနေကြတာလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်ကနေ ဇွန်လ ၂၂ရက်အထိ ၃ လတာကာလအတွင်း လူပေါင်း ၄၇၀ ဦးသေကြောင်းကြံစည်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သေကြောင်းကြံစည်မှုနှုန်းက မြင့်တက်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းသွားမှုက အနှုတ် ၁၈ ရာခိုင်နှုန်းအထိရှိပြီး ကျပ်ငွေ တန်ဖိုးကလည်း ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၁၀ ရာခိုင်နှုန်းအထက်ကို ရောက်သွားတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုထားကြပါတယ်။
အဘက်ဘက်မှာ ခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကို ပြည်သူအများစုကရင်ဆိုင်ရုန်းကန်နေကြပေမယ့် ကုန်ဈေးနှုန်းတွေ ဆက်ပြီးမြင့်တက်နေမယ်ဆိုရင်တော့ပြည်သူတွေရပ်တည်နေထိုင်စားသောက်ဖို့ စိုးရိမ်ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိလို့နေပါတယ်။ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အချိန်မှာ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာကခေတ်ကာလနဲ့ လျော်ညီတဲ့နှုန်းထားဖြစ်မနေတဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်ခလစာကဖူလှုံမှုမရှိဘူးလို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် – FGWM ဥက္ကဋ္ဌဒေါ်မိုးစန္ဒာမြင့်က ဆိုပါတယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိလုပ်ငန်းခွင်တွေထဲမှာဆိုရင် အလုပ်သမားတွေဟာ ဖိနှိပ်မှုများစွာ၊ဂုတ်သွေးစုပ်မှုများစွာ တွေနဲ့ အလုပ်ခွင်ငရဲခန်းတွေမှာ လုပ်ကိုင်နေကြရတယ်။အနည်းဆုံးလုပ်အားခနှုန်းထားနဲ့ အဆမတန်မြင့်တက်နေ တဲ့ ကုန်စျေးနှုန်းတွေကြားမှာလုံးလည်လိုက်နေကြတယ်။ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများစွာရှိသလို နေ့စဉ်နဲ့အမျှ ပြည်ပထွက်ဖို့စောင့်စားနေတဲ့ အလုပ်သမားတွေလည်း များစွာရှိနေကြတယ်”