ပေါက်တောတွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
*************************
မိခိုင်
နိုဝင်ဘာ ၂၄၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာလ ၂၁ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ ယနေ့ထိ ပေါက်တောမြို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံကသိရသည်။
ပေါက်တောမြို့အနီးဝန်းကျင်ရှိ ဒေသခံ ၁ ဦးက “စစ်တပ်က လက်နက်ကြီးနဲ့ထုနေတာတွေရှိတယ်။ ပေါက်တောက ရပ်ကွက် ၁ ဘက်က မီးခိုးထွက်တာ မြင်ရတယ်။ အများကြီးတော့ မဟုတ်ဘူး ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအနေဖြင့် ပေါက်တောမြို့ကို လေကြောင်း၊ ရေကြောင်းတို့ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ ယမန်နေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီ Navy က လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကြောင်း ဒေသခံ ၁ ဦးကဆိုသည်။
” Navy ကပစ်နေတယ်။ မြို့ထဲကနေ လက်နက်ငယ်သံတွေလည်း ကြားရတယ်။ တိုက်ပွဲက အခု နေ့လယ် ၂ နာရီအထိ ဖြစ်နေတုန်းပဲ။ စစ်တပ်က မီးတိုက်နေတယ်။ မီးခိုးတွေ မြင်နေရတယ် “ဟု ၎င်းကဆိုသည်။
ထိုနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲခဲ့သည့် ပေါက်တောမြို့ လောကထိပ်ပန်ဘုရားတွင် နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဓားစာခံများအဖြစ်ဖမ်းဆီးထားသည့် မြို့ပေါ်နေ ကလေးငယ်များအပါအဝင် လူဦးရေ ၁၂၀ ကို ရက္ခိုင့်တပ်တော်က ပထမအကြိမ်အဖြစ်ကယ်ထုတ်နိုင်ခဲ့သလို ဒုတိယအကြိမ်အဖြစ် နောက်ထပ် ဓားစာခံ ၁၀၄ ဦးကိုလည်း ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရက္ခိုင့်တပ်တော်ကထုတ်ပြန် ထားသည်။
နိုဝင်ဘာလ ၁၅ ရက်က ပေါက်တောမြို့မရဲစခန်းအား ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၄၀၀ နီးပါးပိတ်မိနေကြောင်း သိရသည်။ ပေါက်တောမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ အပါ အဝင် ဒေသခံ ၁၀၀၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်။
ပေါက်တောတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ရှိနိုင်ပြီး သံလွင်ခက်အနေဖြင့် သီးခြားအတည် ပြုနိုင်သေးပေ။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာလ ၁၃ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ၁၀ ရက်တာကာလအတွင်း ရခိုင်ပြည်တွင်းက စစ်ကောင်စီစခန်း ၄၀ အထိ သိမ်းယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။
ပုံစာ – ပေါက်တောမြို့။
ဓာတ်ပုံ – ရခိုင်ပြည်နယ်အစိုးရအဖွဲ့။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2538
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6360