ရေတပ်ပါအသုံးပြုနေသော်လည်း ရခိုင်၌ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို AA သိမ်းပိုက်ထားနိုင်
***************************************
သံလွင်ခက်
နိုဝင်ဘာ ၂၂ ၊ ၂၀၂၃ ။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်နေသည့်ကာလအတွင်း၌ စစ်ကောင်စီတပ်များက စခန်းစွန့်ခွာမှုများအပါအဝင် တပ်စခန်းပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်ဟု ရက္ခိုင့်တပ်တော်ပြန်ကြားရေးဌာနက ယနေ့တွင်သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအနေဖြင့်စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်AAက နိုဝင်ဘာ ၁၃ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းအပါအဝင် စခန်းပေါင်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ၁၀ ရက်တာအတွင်း၌ ရန်သူ့ဘက်မှ စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း (၄၀) ကျော်ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟုရက္ခိုင့်တပ်တော်ပြန်ကြားရေးဌာနက ယနေ့တွင် ထုတ်ပြန်သည်။
ရခိုင်ဒေသတွင် စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ (၁၃) ရက်နေ့တွင်ပင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်သော နိုဝင်ဘာလ (၁၄) ရက်တွင်လည်း “ချိန်ခါလီ”နယ်ခြားစောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ (၁၆) ရက်နေ့ နှင့် နိုဝင်ဘာလ (၂၁) ရက်တို့တွင်လည်း မောင်တောအခြေစိုက် “ဒုံးညို”နယ်ခြားစောင့်တပ်စခန်းနှင့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “ခထီးလှ” တပ်စခန်းတို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်သည့် ရက္ခိုင့်တပ်တော်သည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” နှစ်ခုကိုလည်းနိုဝင်ဘာလ (၁၄) ရက်မှ စတင်ကာ ယနေ့အချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၌ တပ်စခန်းအများအပြား ဆုံးရှုံးနေသော စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့မှ စစ်ကူပေးတိုက်ခိုက်နေသည့်အပြင် ဒေသခံရာချီကိုလည်း လူသားဒိုင်းများအဖြစ် ဖမ်းဆီးမှုများပြုလုပ်နေသည်။
ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲဆက်တိုက်ကျူးလွန် နေသော စစ်ကောင်စီ၏ တပ်စခန်းများ နှင့် လက်နက်ချ အညံ့မခံသောသူများအား ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ သတိပေးဖော်ပြထားသည်။
ဆက်စပ်သတင်းအနေဖြင့် ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်တွင်
၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်ဒေသရှိ မြို့များနှင့် စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယမန်နေ့အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၇၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။
ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် မဟာမိတ်တပ်များနှင့်အတူ ပူပေါင်းပါဝင်နေသော ရက္ခိုင့်တပ်တော် AA သည် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့၌ ဖော်ဆောင်နေသည့် စခန်းသိမ်းတိုက်ပွဲများတွင်လည်း ပါဝင်တိုက်ပွဲဝင်နေသည်။
ယမန်နေ့၌လည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း
ထီးချိုင့်မြို့အခြေစိုက် ခမရ (၃၆၇)တပ်ရင်းနှင့်
ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဓါတ်ပုံ – AA Info Dask
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2525
YouTube- > https://youtu.be/SpxIBpTYop8