ငြိမ်းချမ်းရေးဖြစ်စဥ်ပြင်ပက ပြည်သူ့စစ်အဖွဲ့များ (ဇာတ်သိမ်းပိုင်း)
ဘုန်းမောင်
နိုဝင်ဘာ ၊ ၂၀၂၃။
(၁) စစ်တပ်နှင့်ပူးပေါင်းထားသော ပြည်သူ့စစ်များ
************************************************
နယ်ခြားစောင့်တပ် – BGF ဟု မြန်မာပြည်သူများ တရားဝင်သိထားကြသည့် ပြည်သူ့စစ်များသည်မြန်မာစစ်တပ်၏ အမိန့်ပေးမှုအောက်တွင် ရှင်သန်လှုပ်ရှားနေကြရပြီးနိုင်ငံတော်ကာကွယ်ရေးစီမံချက်များတွင် တစ်စိတ်တစ်ဒေသ အဖြစ် ပါဝင်နေပါသည်။၎င်းတို့အဓိကဆောင်ရွက်ပေးရသည်က ၎င်းတို့နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို မြန်မာစစ်တပ်ထံသတင်းပေးရခြင်းဖြစ်ပြီး လမ်းပြအဖြစ်သာမကမြန်မာစစ် တပ်၏ တိုင်းရင်းသားလက်နက်ကိုင်များအပေါ်စစ်ဆင်ရေးများတွင်လည်းပါဝင်ကြရလေသည်။
ရရှိထားသောသတင်းအချက်အလက်များအရ လက်ရှိအချိန်အထိ နယ်ခြားစောင့်တပ်ရင်း ၂၃ခုအထိရှိနေပြီး (၂၃ ရင်းမှာ ခန့်မှန်းချက်သာဖြစ်ပြီး ယင်းအရေအတွက်ထက် ပိုများနိုင်ပါသည်)အဆိုပါပြည်သူ့စစ်များသည် နိုင်ငံ တကာနယ်စပ်များနှင့်နီးကပ်နေသောမြို့နယ်များတွင် တည်ရှိပါသည်။အများစုမှာ ရှမ်း၊ ကရင် နှင့် ကချင်ဒေသများ တွင်ဖြစ်သည်။ နယ်ခြားစောင့်တပ်များသည်မြန်မာစစ်သားများရရှိသည့် လစာ၊ ရိက္ခာ၊ ယူနီဖောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သောတူညီသောအကျိုးခံစားခွင့်များ ရရှိကြပါသည်။ မြန်မာစစ်တပ်ကအခွင့်အရေးပေးပြီးစည်းရုံးထားရသော အဆိုပါပြည်သူ့စစ်များသည် သစ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း များအပြင် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်မူးယစ်ဆေးလုပ်ငန်းများတွင်လည်း ပါဝင်ပတ်သက်နေကြ သည်။
(၂) စစ်တပ်နှင့်ပူးပေါင်းထားခြင်းမရှိသော ပြည်သူ့စစ်များ
****************************************************
မြန်မာစစ်တပ်နှင့် ပူးပေါင်းထားခြင်းမရှိသောပြည်သူ့စစ်များကိုလေ့လာကြည့်လျှင် အရွယ်အစား၊အင်အား၊ သမိုင်း ကြောင်းနှင့် ဝင်ငွေရရှိမှုအရင်းအမြစ်များ ကွဲပြားကြသည်ကို တွေ့ရပေလိမ့်မည်။သို့သော် ၎င်းတို့သည် နယ်ခြား စောင့်တပ်များကဲ့သို့ မြန်မာစစ်တပ်နှင့် အပြည့်အဝပူးပေါင်းထားခြင်းမျိုးမရှိကြပါ။ ထိုအဖွဲ့များသည် နဝတ / နအဖ လက်ထက်တွင် မြန်မာစစ်တပ်နှင့်အပစ်အခတ်ရပ်စဲရေသဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မှပြည်သူ့စစ်ဖြစ်လာကြသူများဖြစ်ကြသည်။ ကနဦးကာလတုန်းကတော့ ထိုအဖွဲ့များကိုဒေသခံခေါင်းဆောင်များ က ရပ်ရွာကာကွယ်ရေးအတွက် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီးပြီးခဲ့သောဆယ်စုနှစ်များတွင်မှ မြန်မာစစ်တပ်ကစီစဥ် သော အမျိုးမျိုးသောပြည်သူ့စစ်များစွာထဲပါဝင်လာကြသူများဖြစ်သည်။
နယ်ခြားစောင့်တပ်များကဲ့သို့ မြန်မာစစ်တပ်နှင့်ပေါင်းစည်းထားခြင်းမရှိသောအချို့သောပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်ကကျင်းပသော ”အစိုးရပြည်သူ့စစ်”အဖြစ်အသွင်ကူးပြောင်းရေးအခမ်းအနားများတွင် ပါဝင်လာကြပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်မြန်မာစစ်တပ်ကို အကူအညီပေးနေကြသည်။ ဝင်ငွေရရှိရန်အတွက် အများစုကအခွန်ကောက်ခံခြင်းအပေါ် မှီခိုနေကြရသလို အနည်းငယ်မျှသောအဖွဲ့များကတော့ကိုယ်ပိုင်စီးပွားရေးလုပ်ပိုင်ခွင့် ရရှိထားကြပြီး မူးယစ်ဆေးဝါးလုပ်ငန်းများတွင်လည်းပါဝင်ပတ်သက်မှုများရှိနေသည်။
(၃) စစ်တပ်ကထောက်ပံ့ထားသော ရပ်ရွာအခြေပြုပြည်သူ့စစ်များ
************************************************************
ရပ်ရွာအခြေပြုပြည်သူ့စစ်များဟူသည် မြန်မာစစ်တပ်က ရပ်ရွာအတွင်းကလူသစ်များစုဆောင်းပြီးစစ်တပ်က သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးထားပါသည်။ ဒေသခံတပ်ရင်းများက၎င်းတို့၏လှုပ်ရှားမှုများကို ကြီးကြပ် စောင့်ကြည့်ပေးသည်။ ၁၉၆၀ ပြည့်လွန်နှစ်များကစပြီးရပ်ရွာအခြေပြုပြည်သူ့စစ်များကို မြန်မာစစ်တပ်က စတင် အသုံးပြုလာခဲ့သည်။စစ်တပ်ကလိုအပ်လာသောအချိန်များတွင် ယင်းပြည်သူ့စစ်များက တာဝန်ထမ်းဆောင်ပေးရလေ့ရှိသည်။ ယင်းပြည်သူ့စစ်အဖွဲ့များကိုလည်း ပုံစံအမျိုးမျိုးဖြင့်ကောက်ခံနေသောအခွန်အခများဖြင့် ထောက်ပံ့ပေးထားပါသည်။
(၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းထားသော ပြည်သူ့စစ်များ
*****************************************
အဆိုပါပြည်သူ့စစ်အမျိုးအစားသည်သာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုအထောက်အပံ့ပေးနေကြပါ သည်။ ၎င်းတို့၏အဓိကတာဝန်မှာ အစိုးရပြည်သူ့စစ်များနှင့်အခြားတစ်ပါးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ အန္တရာယ်ကိုကာကွယ်ပေးရန်ဖြစ်သည်။ အဆိုပါပြည်သူ့စစ်အဖွဲ့များတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏စစ်ဆင်ရေးများတွင်ပါဝင်ကူညီရန် အရံအင်အားများရှိနေပါသည်။
မြန်မာအစိုးရသည် ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်၏ဒုတိယမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့ပါသည်။ ငယ်စဥ်အချိန်က ကူမင်တန်တရုတ်ဖြူတပ်မတော်တွင် စစ်မှုထမ်းခဲ့သော ခွန်ဆာသည်ကူမင်တန်ကခွဲထွက်ပြီး နောက်လိုက်အနည်းငယ်မျှဖြင့် ကိုယ်ပိုင်တပ်တည်ထောင်ခဲ့လေသည်။ ၁၉၆၀ခုနှစ်မှာတော့ မြန်မာအစိုးရဩဇာခံ လွယ်မော်ကာကွယ်ရေးတပ်အဖြစ် ပြောင်းလဲခဲ့သည်။
မြန်မာစစ်တပ်ခေါင်းဆောင်များသည် ရှမ်းပြည်နယ်က လွယ်မော်ကာကွယ်ရေးတပ်ကဲ့သို့သောအဖွဲ့များကိုထိန်း ချုပ်နိုင်ရန်လည်း ကြိုးပမ်းခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော်ဘိန်းအရောင်းအဝယ်လုပ်ငန်းနှင့် မြန်မာနိုင်ငံ တွင်ပေါ်ထွန်းကာစ မှောင်ခိုဈေးကွက်များတွင်ပြည်သူ့စစ်များနှင့် မြန်မာစစ်တပ်တို့ ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ်သည်။ ထိုကိစ္စအပေါ်မြန်မာပြည်သူအများစုက မကျေမနပ်ဖြစ်နေခဲ့ကြသဖြင့် မြန်မာစစ်ခေါင်းဆောင်များအတွက် စိုးရိမ်စရာအချက်တစ်ချက် ဖြစ်လာစေခဲ့သည်။
၁၉၇၄ ခုနှစ်နောက်ပိုင်းတွင် မြန်မာစစ်တပ်သည် အစောပိုင်းကာလများကလက်နက်ချခဲ့ကြသည့်အချို့သော ဒေသခံကာကွယ်ရေးအင်အားစုများကို ပြည်သူလူထု၏ ပြည်သူ့စစ်အဖွဲ့များအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဆိုပါကာလများတွင်ပင် အရေးပေါ်အခြေအနေအဖြစ် မြန်မာစစ်တပ်ကနောက်ထပ်ပြည်သူ့စစ်အဖွဲ့သစ်များ ထပ်မံဖွဲ့ စည်းခဲ့လေသည်။
နိုင်ငံတော်၏ ဒုတိယမြောက်အခြေခံဥပဒေကို မပြဋ္ဌာန်းခင် ၁၉၇၃ ခုနှစ် ဧပြီလနောက်ဆုံးထားပြီးလက်နက်ချကြ ရန် ကာကွယ်ရေး တပ်ဖွဲ့ ၂၃ ဖွဲ့ကို မြန်မာစစ်တပ်က ရာဇသံပေးခဲ့သည်။ ယင်း ၂၃ဖွဲ့အနက် အင်အားအကောင်းဆုံး များအဖွဲ့များက မြန်မာစစ်တပ် တောင်းဆိုသည်ကို ငြင်းဆန်ခဲ့ကြပြီး
အုပ်စုငယ်များစွာကတော့ လိုက်နာခဲ့ကြ သည်။ လော်စစ်ဟန်နှင့် မဟာစန် အပါအဝင်ပြည်သူ့စစ်ခေါင်းဆောင်တချို့ ရှမ်းပြည်တပ်မတော် – SSA နှင့် မဟာ မိတ်ပြုလုပ်ခဲ့လေသည်။
၁၉၈၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုကြီးနှင့် ၁၉၈၉ ခုနှစ်တွင်ဗမာပြည်ကွန်မြူနစ် ပါတီပြိုကွဲမှုများကိုကြည့်လျှင် မြန်မာစစ်တပ်၏ ပြည်သူ့စစ်များကိုအသုံးပြုမှုကခရီးရောက်ခဲ့သည်ဟု ဆိုရပေလိမ့် မည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်များကတဆင့်၎င်းအဖွဲ့များအား အစိုးရနှင့မဟာမိတ်အဖွဲ့အစည်းများအဖြစ် အသွင်ကူးပြောင်းနိုင်ခဲ့သောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပို၍ကျယ်ပြန့်သော စစ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု များတွင် မြန်မာစစ်တပ်က ပြည်သူ့စစ်များကို ပြန်လည်အသုံးချလာနိုင်ခဲ့သည်။
၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ပေါ်ပေါက်လာခဲ့သည်။ နဝတ သည်လည်း ၎င်းတို့အာဏာအပေါ် အထောက်အပံ့ပေးမည့်ပြည်သူ့စစ်စနစ်ကို ပြန်လည်ဖွဲ့စည်း မှုများပြုလုပ်ခဲ့သည်။ နဝတ လက်ထက်တွင်ကချင်ပြည်နယ်ကဲ့သို့သော ဗမာနယ်မြေမဟုတ်သည့်ဒေသတချို့တွင်ပြည်သူ့စစ်အဖွဲ့များဖျက်သိမ်းခဲ့သော်လည်း မွန်ပြည်နယ်ကဲ့သို့သောဗမာနယ်မြေမဟုတ်သည့်နယ်မြေများတွင်မူ အရပ်သားများအတွက် ပြည်သူ့စစ်ဆိုင်ရာသင်တန်းများစတင်ဆောင်ရွက်လာခဲ့သည်။
ပြည်သူ့စစ်အဖွဲ့များနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုမှာတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်သူ့စစ်အဆင့်အတန်းအတွက်ဆွေးနွေးမှုများဖြစ်သည်။ ဗကပပြိုလဲမှုက မြန်မာ စစ်ခေါင်းဆောင်းများကိုတိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်သော နောက်ထပ်ချဥ်းကပ်မှုအသစ် ဖြစ်ပေါ် စေခဲ့သည်။ထို့ကြောင့် ယခင်ထောက်လှမ်းရေးအကြီး အကဲဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များအတွက် ဆွေးနွေးမှုများကိုဦးဆောင်ခဲ့သည်။
၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်ကာလများအတွင်း လက်နက်ကိုင်အဖွဲ့ ၄၀ သည် မြန်မာစစ်တပ်နှင့်အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်များတွင် ပါဝင်လာခဲ့ကြသည်။တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်သော မြန်မာ စစ်တပ်၏အောင်မြင်မှုများမှာစစ်ရေးဆိုင်ရာဖိအားအပြင် စီးပွားရေးဆိုင်ရာအထောက်အပံ့များ၊ နိုင်ငံရေးဆွေးနွေးမှုကတိကဝတ်မက်လုံးများကြောင့်လည်း ဖြစ်သည်။ မြန်မာစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား သဘောတူညီမှုများကိုလေ့လာကြည့်မည်ဆိုပါကတိုက်ခိုက်မှုများရပ်ဆိုင်းရန် စစ်ရေးသဘောတူညီချက်သာပါဝင် ပြီး ရေရှည်နိုင်ငံရေးအဖြေအတွက်စဥ်းစားစရာနည်းလမ်းများ မပါဝင်သည်ကို တွေ့ရပေလိမ့်မည်။ နောက်ဆုံးချုပ် ဆိုခဲ့ကြသည့် NCAတွင်ပင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကဲ့သို့သောအဖွဲ့များ ပါဝင်နိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရပေလိမ့် မည်။ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်တွင်စတင်ခဲ့သည့် ”၁၀၂၇ စစ်ဆင်ရေး”များသည် NCAကမွေးဖွားပေး လိုက်သောဝေဒနာများသာဖြစ်သည်။
မြန်မာစစ်တပ်၏ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်အခတ်ရပ်စဲရေးများက အမျိုးအစား၂ ခု ခွဲထုတ် ပေးလိုက်ခြင်းဖြစ်သည်။ ပထမတစ်ခုမှ မြန်မာစစ်တပ်ကလက်နက်ကိုင်အုပ်စုကြီးဟုသတ်မှတ်ထားသော အမျိုးအ စားဖြစ်ပြီး ၎င်းတို့သည် မြန်မာစစ်တပ်ထံက
စီးပွားရေးဆိုင်ရာအကျိုးအမြတ်များရရှိခဲ့ကြသည်။ ဒုတိယအမျိုး အစားမှာလက်နက်ကိုင်အုပ်စုအသေးစားဟု မြန်မာစစ်တပ်ကသတ်မှတ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခွဲထွက်အဖွဲ့များဖြစ်ကြသည်။ ယင်းအဖွဲ့ထဲမှအချို့အတွက်မူ လက်နက်နှင့် နယ်နိမိတ်များမြန်မာစစ် တပ်ကလျှော့ချလိုက်ပြီး အပစ်အခတ်ရပ်စဲရေးအုပ်အချို့မှာမူမြန်မာစစ်တပ်၏မဟာမိတ်ပြည်သူ့စစ်များ ဖြစ် လာခဲ့ ကြသည်။
၂၀၀၉ ခုနှစ် ဧပြီလ ၂၇ ရက်တွင် မြန်မာစစ်တပ်က အပစ်အခတ်ရပ်စဲရေးအဖွဲ့များကိုအစိုးရမဟာမိတ်ပြည်သူ့စစ် များအဖြစ်အသွင်ပြောင်းလိုကြောင်း ကြေညာခဲ့သည်။ယင်းကြေညာချက်တွင် အပိုင်း ၂ ပိုင်းပါဝင်ပြီး ပထမပိုင်းက နယ်ခြားစောင့်တပ်စီမံချက်ဖြစ်သည်။
ယင်းစီမံချက်အရ စစ်သားများသည် ပြည်သူ့စစ်အဖွဲ့အတွင်းပါဝင်ရမည်ဖြစ်ပြီး အင်အားဖွဲ့စည်းပုံတွင်လည်း စစ်သား ၃ ရာခိုင်နှုန်းပါဝင်ရမည်ဖြစ်သည်။ ဒုတိယအပိုင်းမှာအဖွဲ့တစ်ခုချင်းဆီ၌ ၃၂၆ ဦးပါဝင်သည့် တပ်ရင်းအရွယ်အစားဖွဲ့စည်းရမည်ဟူ၍ဖြစ်သည်။ပြည်သူ့စစ်များသည် အခြားသောလက်နက် ကိုင်အဖွဲ့များအကြောင်းစုံစမ်း၍သတင်းအချက်အလက်များစုဆောင်းပေးရသည့်အပြင် ခက်ခဲသည့်နယ်မြေများတွင် ကူညီလမ်းပြပေးခြင်းနှင့် စစ်ဆင်ရေးများတွင် မြန်မာစစ်တပ်အား ကူညီပေးရန်ဖြစ်သည်။
ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းခြင်းကြောင့် နောက်ထပ်သက်ရောက်မှုတစ်ခုမှာ ဒေသအလိုက်လက်နက်ကိုင်တပ်ဖွဲ့ များ ပိုမိုများပြားလာခြင်းဖြစ်သည်။ နယ်ခြားစောင့်တပ်အချို့နှင့်မြန်မာစစ်တပ်ကအသစ်ဖွဲ့စည်းလိုက်သည့် ပြည်သူ့စစ်အဖွဲ့များသည် မြန်မာစစ်တပ်က
တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းမရှိသောနယ်မြေများကို လွှမ်းမိုးနိုင်ရန်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သွယ်ဝိုက်၍ဖိအားပေးနိုင်ရန်ဟူသောရည်ရွယ်ချက်များဖြင့်မြန်မာစစ် တပ်ကတည်ထောင်ခဲ့ခြင်းဖြစ်ပြီး တဆင့်ခံအင်အားများအဖြစ်တာဝန်ထမ်းရွက်ခဲ့ကြလေသည်။
ပြည်သူ့စစ်စနစ်ကြီးတစ်ခုလုံးသည် မြန်မာ့နိုင်ငံရေးနှင့်သက်ဆိုင်သောကိစ္စရပ်တစ်ရပ်ဖြစ်လာပြီးနိုင်ငံရေးတွင် လည်း သွယ်ဝိုက်ပြီးပါဝင်နေပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များကိုပြည်သူ့စစ်အဖြစ်အသွင်ပြောင်းလိုက် ခြင်းက ပြည်သူ့စစ်ကိစ္စကိုနိုင်ငံရေးအသွင်ကူးပြောင်းလိုက်ခြင်းဖြစ်သည်ဟု မြန်မာစစ်တပ်က တောက်လျှောက်ပြောဆိုလာခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုသည်မြန်မာစစ်တပ်၏အစီအစဥ်များတွင် ပါဝင်ပေါင်းစည်းဖို့ ဆန္ဒမရှိကြပါ။ ထို့ကြောင့်လည်းဦးသိန်းစိန်မစိုးရလက်ထက်မှဦတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုပြည်သူ့စစ်အသွင်ပြောင်းဖို့ မစဥ်းစားတော့ဘဲ လမ်းကြောင်းပြောင်းလာခဲ့သည်။ သို့သော် ပြည်သူ့စစ်အဖြစ် အသွင်ကူးပြောင်းခြင်းကိစ္စသည် ငြိမ်းချမ်းရေးဖြစ်စဥ်တွင်တိုင်းရင်းသားလက်နက်ကိုင်များအတွက် စိုး ရိမ်စရာကိစ္စတစ်ရပ်အဖြစ် ရှိနေဆဲသာဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့သောပဋိပက္ခများကိုပြန်ကြည့် လျှင် ပြည်သူ့စစ်များ၏အခန်းကဏ္ဍကို ပိုပြီးထင်ထင်ရှားရှားမြင်တွေ့ရပေလိမ့်မည်။ တစ်ဖွဲ့ချင်းတွင်ပါဝင်သော အင်အားအရွယ်အစားကလည်း
အတော်အတန်ကြီးမားပါသည်။ သို့သော်လည်း ယင်းပြည်သူ့စစ်များသည် ပြည်တွင်းပဋိပက္ခများအတွင်း ပါဝင်နေကြသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များမှာတော့ပါဝင်နေခြင်းမရှိသေးပါ။ ထို့ကြောင့်လည်း ပဋိပက္ခလွန်ကာလများတွင်ပြည်သူ့စစ်များလှုပ်ရှားနေကြရသည့် မတူညီသောအခြေအနေများကိုကောင်းစွာသဘောပေါက်ထားရန်လိုအပ်သလို ၎င်းတို့၏အခန်းကဏ္ဍများကိုနားလည်ရန်အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။
မှီငြမ်း
*****
၁။ မြန်မာနိုင်ငံက ပြည်သူ့စစ်အဖွဲ့များ
၂။ သျှမ်းသံတော်ဆင့်