မိခိုင်
နိုဝင်ဘာ ၂၁၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်နေကြောင်း အနီးအနားကျေးရွာများရှိ ဒေသခံများထံက သိရသည်။ ရက္ခိုင့်တပ် တော်က ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး မင်းဘာကျေးရွာသား ၁ ဦးကလည်း
“တိုက်ပွဲ ဖြစ်နေပြီ ။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားရတယ်။ လေယာဥ်နဲ့လည်း ပစ်နေတယ်။ Navy ကလည်း ပစ်နေတယ်။ လက်နက်သံတွေလည်း ကြားနေရတယ် ” ဟု ပြောသည်။
ပေါက်တောမြို့ပေါ်တွင် လူ ၄၀၀ ကျော်ဝန်းကျင်ပိတ်မိနေပြီး ဒေသခံ ၁၀၀ ကျော်အား မြို့တွင်းနေရာ ၄ နေရာတွင် စစ်သုံ့ပန်းများအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင်း ပေါက်တောမြို့ခံများထံက သိရသည်။
လက်ရှိတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်နေသည့်အတွက် စိုးရိမ်မှုများရှိနေကြောင်း နောက်ထပ်ကျေးရွာသား ၁ ဦးက ဆိုသည်။
” လက်နက်ကြီးလည်း ချတယ်။ လေယာဥ်နဲ့လည်း ပစ်တော့ ကြောက်နေကြတယ်။ လောလောဆယ်တော့ ဗုံးခို ကျင်းတွေမှာ နေနေတယ်” ဟု ၎င်းက ဆိုသည်။
ထွက်ပြေးလာသူများကိုလည်း ပစ်ခတ်မှုများရှိနေသည့်အတွက် သေဆုံးသူများရှိသည်ဟု ထွက်ပြေးလာသည့် ပေါက်တောမြို့ခံ ၁ ဦးက ဆိုသည်။
ရက္ခိုင့်တပ်တော်က နိုဝင်ဘာလ ၁၅ ရက်တွင် ပေါက်တောမြို့မရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် မြို့မရဲစခန်းကို တိုက်ခိုက်ခဲ့သဖြင့် ပေါက်တောမြို့ခံများနှင့် အနီးအနားရှိ သရွေ့၊ ကျောက်ဆိတ်၊ မင်းဘာ၊ ကြိမ်ခမော်၊ တောင်ညို၊ သဝင်ချောင်းစသည့် ကျေးရွာများရှိဒေသခံသောင်းချီ ထွက်ပြေးနေကြရခြင်းဖြစ် သည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများ ပိတ် ဆို့ထားကြောင်း သိရသည်။
ပုံစာ – တိုက်ခိုက်ခံခဲ့ရသော ပေါက်တောမြို့မရဲစခန်း။