![]()
ခင်သရဖီဦး
ရခိုင်ရိုးမနယ်စပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်တွင် ရှိသည့် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကုန်းမကြီးတွင် စစ်ကော်မရှင်တပ်သား ၃၀၀ ခန့်ကို အာရက္ခတပ်တော် AA က ပိတ်ဆို့ထားသည့်အတွက် ဆက်လက် ပိတ်မိနေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“ပိတ်မိနေတဲ့ အထဲမှာ ဗိုလ်မူးကြီးတစ်ယောက် ပါတယ်။ လူ ၂၀၀ ကနေ ၃၀၀ အထိ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ပိတ်ဆို့ထားတယ်။ အကုန်လုံးကတော့ ပိတ်မိနေတယ်ပေါ့။ သူတို့ဆီကို ရိက္ခာလည်း ချမရဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် နတ်ရေကန်တောင်နားတစ်ဝိုက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သိရသည်။ ပိတ်မိနေသည့် တပ်များမှာ စစ်ကော်မရှင်တပ် အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်း၊ ကပစ (၁၄)၊ စကခ (၁၇) နှင့် တောင်ကုတ်မှ လာသည့် တပ်ကူများပါ ပိတ်မိနေခြင်းဖြစ်သည်ဟုလည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်က “အဓိက တပ်သားတွေကတော့ တောင်ကုတ်ဘက်က လာတဲ့ တပ်သားတွေလည်း ပါတယ်။ နောက် ကပစ (၁၄) နဲ့ အဓိက စကခ (၁၇) က တပ်သားတွေ အများဆုံး ပိတ်မိနေတာပေါ့။ လက်ရှိမှာလည်း ပစ်ခတ်မှုတွေက ဆက်တိုက်ရှိနေတယ်” ဟု ဆိုသည်။
အာရက္ခတပ်တော်အနေဖြင့် နတ်ရေကန်ကုန်းမကြီးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ပိတ်ဆို့ထားခြင်းဖြစ်ကာ လက်ရှိအချိန်အထိလည်း ပိတ်ဆို့ထားပြီး အနီးအနားတွင်လည်း တိုက်ပွဲများ ဆက်တိုက်ရှိနေသည်။
#နတ်ရေကန် #ဗျူဟာကုန်းမကြီး #စစ်ကော်မရှင်တပ်သား #ပိတ်မိ #ThanLwinKhetNews
