![]()
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း သောင်းရင်းမြစ်ကမ်းတဖက်တချက်တွင် မြန်မာဘက်ခြမ်း၌ မင်းလက်ပံရွာနှင့် ထိုင်းဘက်ခြမ်းတွင် မဲ့ကိုကင်းရွာတည်ရှိသည်။
နိုဝင်ဘာလ နံနက်ပိုင်းတွင် မင်းလက်ပံဒေသအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြားမှ လက်နက်ကြီးကျည်မှာ ထိုင်းဘက်ခြမ်းသို့ကျရောက်ခဲ့သည်။
အဆိုပါကျည်သည် မဲ့ကိုကင်းရွာရှိ နေအိမ်နှစ်လုံးနှင့် ကားတစ်စီးတို့အား ထိမှန်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲခဲ့သောကျည်စများမှာ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်းငါးဦးတို့အား ထိမှန်ခဲ့သည်။
၎င်းတို့မှာ မြန်မာဘက်ခြမ်းမှာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းဘက်ခြမ်းသို့ စစ်ဘေးရှောင်နေရသူများဖြစ်၏။
“ခုမှကျတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်နက်ကြီးကျည် ရွာထဲကိုပဲကျသေးတယ်။ အဲဒီတုန်းကတော့ လူမထိလိုက်ဘူး”ဟု မဲ့ကိုကင်းရွာတွင် နေထိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
မြန်မာဘက်ခြမ်းမှာ ကျရောက်လာသော လက်နက်ကြီးကျည်မှာ ၆၀ မမအမျိုးအစားဖြစ်၏ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။
အဆိုပါ ၆၀ မမ ဗုံးသီးနှင့် စိန်ပြောင်းများကို အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးအစုအဖွဲ့များပါ လက်ရှိအချိန်တွင် အသုံးပြုလျှက်ရှိ၏။
၎င်းအမျိုးအစားလက်နက်ကျည်မှာ ငါးကြိမ်ခဲ့ကျရောက်ပြီး လူနေအိမ်များကို ထိမှန်ခဲ့သောအခါ ထိုင်းလုံခြုံရေးတပ်ဖွဲ့များက သတိပေးသည့်အနေဖြင့် မီးခိုးဗုံးအမျိုးအစားကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရသည်။
နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံပိုင်နက်ရှိ လူနေအိမ်များသို့ ထိမှန်လာခဲ့သော လက်နက်ကြီးကျည်မှာ လူထုအသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာသဖြင့် မည့်သည့်အဖွဲ့ပစ်ခတ်ခဲ့သည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
လက်ရှိကာလ မင်းလက်ပံဒေသတိုက်ပွဲများသည် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် ပူးပေါင်းတပ်များကြား ဖြစ်ပွားနေခြင်းဖြစ်သည်။
ယနေ့နံနက်အထိ တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်သည် လေးကေ့ကော်မြို့အနီးတွင်ရှိသော ရသေ့ဂူရွာတွင်တပ်စွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျှက်ရှိသည်။
အဆိုပါနေရာမှာ ယနေ့ ထိမှန်ခံထားရသော ထိုင်းဘက်ခြမ်းရှိ နေအိမ်နှင့် ၂.၉ မိုင်အကွာတွင်ရှိသည်။
အခြားတစ်ဖက်တွင်လည်း ယခင်လေးကေ့ကော်ဒေသခံများ စစ်ဘေးရှောင်ခိုလှုံခဲ့သော ကြို့ပင်စခန်းနှင့် ၎င်းအနီးရှိ သဘာဝဂိတ် ၄၈ အဝင်ဆီဆိုင်နေရာတွင် အမြောက်ဆင်ကာ ပစ်ခတ်လျှက်ရှိသည်။
အဆိုပါတပ်စွဲထားသော နေရာများ ယခုလက်နက်ကြီးထိမှန်ခံထားရသော ထိုင်းဘက်ခြမ်းနေအိမ်အကွာအဝေးမှာ ၁.၆ မိုင်အကွာအဝေးတွင်ရှိသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ၎င်းတို့ လက်လွှတ်ထားရသော ဖလူးစစ်ကောင်စီကုန်းကို ပြန်လည်ရရှိရင် လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်ခဲ့သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများသည် မင်းလက်ပံ၊ ဖလူးဒေသရှိ စာသင်ကျောင်းများ၊ လူနေအိမ်များသို့ မကြာခဏထိမှန်ခံခဲ့ရသဖြင့် ဒေသခံအားလုံးနီးပါး လက်ရှိအချိန်တွေ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။
“ဒီဘက် ကရင်တပ်တွေက ကျားဖြန့်နှိမ်နင်းရတာရှိတယ်။ ရွာအနီးတဝိုက်မှာရှိတယ်ဆိုပြီး ပစ်တာ။ ရွာက သောင်ရင်းမြစ်အစပ်ဆိုတော့ မြစ်ကိုကျော်ပြီး ထိုင်းဘက်ခြမ်းကို ကျကုန်တာ။ ကရင်တပ်ကတော့ နောက်ပြန်တော့ ပစ်မှာမဟုတ်ဘူး”ဟု မဲ့ကိုကင်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ၆၀ မမ ဗုံးသီးနှင့် စိန်ပြောင်း၏ ပစ်ခတ်နိုင်သော အကွာအဝေးမှာ မီတာ ၂၀၀မှ ၂ မိုင်ခန့်အထိ ပစ်ခတ်နိုင်သည်ဟု လက်နက်ရေးရာ ကျွမ်းကျင်သူများနှင့် သုတေသနများတွင် ရေးသားထားသည်။
လက်ရှိမြေပြင်တွင် ရှိသော တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် မေးမြန်းရာတွင် ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ကြို့ပင်အနီးရှိ စစ်ကော်မရှင်တပ်များက မင်းလက်ပံကျေးရွာထိပ်သို့ စစ်ကြောင်းထိုးလာသဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါကြို့ပင်အနီးရှိ စစ်ကော်မရှင်တပ် တပ်စွဲရာ ဆီဆိုင်နေရာသည် ၆၀ မမစိန်ပြောင်းဖြင့် ပစ်ခတ်နိုင်သော အကွာအဝေးအတွင်းဖြစ်သော ၁.၆မိုင်အကွာတွင်ရှိနေသည်ကို တွေ့ရှိရသည်။
“ဖြစ်နိုင်တာကတော့ ကျားဖြန့်ဝင်းကို KNU က သိမ်းထားတာရှိတယ်။ အဲဒါကလည်း သောင်ရင်းမြစ်အစပ်ဆိုပေမယ့် မင်းလက်ပံရွာထဲဖြစ်နေတော့ ဒီဝင်းထဲမှာ KNU အဖွဲ့တွေရှိနေတယ်ထင်ပြီး အတွဲလိုက်ပစ်တာ ဖြစ်မယ်”ဟု ယခင် ကရင်လက်နက်ကိုင်အဖွဲ့အစည်း တပ်သားဟောင်းတစ်ဦးက ပြောဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်တပ်က လုံခြုံရေးများတင်းကြပ်ပြီးနောက် နယ်စပ်တစ်လျှောက်တွင် အစုလိုက် တပ်များချထားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ နောက်ပိုင်းတွင် စစ်ကော်မရှင်တပ်သည် ကျားဖြန့်လုပ်ငန်းများဖြင့် နာမည်ကျော်နေသော KK PARK ဝင်းကို ဗုံးခွဲဖျက်စီးခြင်းများ နေ့စဉ်နှင့်အမျှလုပ်ဆောင်ခဲ့သည်။
ထိုသို့ ဖျက်အားပြင်းဗုံးများခွဲမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူနေအိမ်များ ပျက်စီးခဲ့ရသည်ကို သံလွင်ခက်အနေဖြင့် မြင်တွေ့ခဲ့ရပြီး ထိုင်းသတင်းဌာနများတွင်လည်း ဖော်ပြခဲ့သည်။
ထိုသို့ ထိမှန်ခဲ့သည်ဟုသော ပြောဆိုချက်များသည် သတင်းမှားများသာ ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာတွင် တုန့်ပြန်ပြောဆိုခဲ့သည်။
ယနေ့ပစ်ခတ်ခဲ့သောကျည်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးရန် စောင့်ဆိုင်းနေသော ကျားဖြန့်လုပ်သား ၃၀၀ ရှိသော သောင်းရင်းသောင်ပြင်သို့ ကျရောက်ခဲ့ပါက ထိုင်းနိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံအသီးသီးအပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အပေါ် သက်ရောက်မှုများရှိလာနိုင်သည်ဟု ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။
မှတ်ချက်- (သက်ဆိုင်ရာ ဓါတ်ပုံများကို Comment တွင် ဖော်ပြထားသည်)
