![]()
မြဝတီ၊ မင်းလက်ပံ ငွေလိမ်ဂိုဏ်းအတွင်းမှ မြန်မာ တစ်ထောင်ကျော်အပါအဝင် လူ ၂၆၀၀ ကျော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဘေးကင်း လုံခြုံစွာရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု ယနေ့ ထုတ်ပြန်သည်။
KNU ထုတ်ပြန်ချက်အရ၊ ကယ်ဆယ်ခံရသူ ၂,၆၄၀ ဦးသည် ဝင်းအတွင်း စုစုပေါင်း လူဦးရေ ၃,၅၈၂ ဦး၏ ၇၄% နီးပါးရှိပြီး ၎င်းတို့သည် ဝင်းမှ ထွက်ခွာလိုကြောင်း ဆန္ဒပြုခဲ့သူများ ဖြစ်သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို နိုဝင်ဘာလ ၂၃ ရက်မှစ၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသား ၁,၃၀၇ ဦးအနက်မှ အချို့ကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သလို အချို့မှာ လွှဲပြောင်းရန် စောင့်ဆိုင်းစာရင်းတွင် ထားရှိသည်ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံသား ၁,၃၃၃ ဦးကိုလည်း KNU မှ လုံခြုံစွာ ရွှေ့ပြောင်းပြီးဖြစ်သည်ဟု ဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်တွင် KNU မြေပြင်အဖွဲ့က ဝင်းအတွင်း ကျန်ရှိနေသူ ၁,၀၁၆ ဦးကို စာရင်းကောက်ယူခဲ့ရာ ၉၄၂ ဦးမှာမူ မင်းလက်ပံဝင်းအတွင်းမှ ထွက်ခွာလိုခြင်း မရှိဟု ဆန္ဒပြုကြောင်း ကေအန်ယူက ဆိုသည်။
အခြား ထွက်ခွာလိုကြောင်း ဆန္ဒပြုသူ ၇၅ ဦးကို KNU အဖွဲ့က ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စုစုပေါင်း ၃၇၂ ဦး ကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
ကေအန်ယူ ထုတ်ပြန်ချက်အရ လက်ရှိ ဒီဇင်ဘာလ ၂ ရက်နေ့အထိ နိုင်ငံခြားသား ၁၇၇ ဦးသည် ထိုင်းအာဏာပိုင်များမှ လက်ခံရန် စောင့်ဆိုင်းစာရင်းဖြင့် သောင်ရင်းမြစ်ကမ်းနဖူးတွင် ရှိနေသေးသည်။
ယင်းတို့အနက် တရုတ်နိုင်ငံသား ၁၀၆ ဦး အများဆုံး ပါဝင်ပြီး မလေးရှား၊ ကင်ညာ၊ ထိုင်ဝမ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ နီပေါ၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံသားများလည်း ပါဝင်ကြောင်း KNU ၏ အချက်အလက်များက ဖော်ပြသည်။
KNU က ၎င်းတို့အတွက် ၉၆ နာရီကြာ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ မြန်မာစစ်တပ်သည် ၁၂၀ မမ အမြောက်ကျည်များဖြင့် သောင်ရင်းမြစ်ကမ်းနှင့် မင်းလက်ပံကျားဖြန့်ဝင်းအတွင်းသို့ တစ်ကြိမ်စီ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရှိသူမရှိဟု KNU က ဖော်ပြသည်။
မင်းလက်ပံဒေသတွင်း တိုက်ပွဲများပြင်းထန်လာမှုကြောင့် ကေအန်ယူအနေဖြင့် လိမ်လည်မှုဝင်းအတွင်းမှ ထွက်ခွာလိုခြင်းမရှိသူ ၉၄၂ ဦး၏ လုံခြုံရေးကို အာမခံရန် အလွန်ခက်ခဲလာပြီး ကေအန်ယူ၏ အရပ်ဘက်ဝန်ထမ်းများ၊ ဒေသခံပြည်သူများကိုလည်း ဦးစားပေး ကာကွယ်ရမည့်အခြေအနေရှိနေသည်ဟု သတိပေးထားသည်။
လက်ရှိတွင် KNU အနေဖြင့် သောင်ရင်းမြစ်ကမ်းနဖူး၌ စောင့်ဆိုင်းနေသော နိုင်ငံခြားသားများ၏ သက်ဆိုင်ရာ သံရုံးများနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
#KNU #မင်းလက်ပံ #ကျားဖြန့်ဝန်း #ကယ်ထုတ် #ThanLwinKhetNews
