![]()
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းရွာ(မင်းလက်ပံတစ်ဖက်ကမ်း)အတွင်းသို့ လက်နက်ကြီးကျရောက်စဉ် ကျည်ထိမှန်ခံခဲ့ရသော စစ်ဘေးရှောင်မြန်မာကလေးငယ်ကို နရဲစွမ်တပ်ဖွဲ့မှူး (Naresuan Force) ဗိုလ်ချုပ် မိုင်တလီ ချူ့လီချာက မဲဆောက်ဆေးရုံကြီးတွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အသက် ၆ နှစ်အရွယ်ကလေးငယ်မှာယနေ့နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်းရှိ မင်းလက်ပံဒေသ၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လာခဲ့ပြီးနောက် လက်နက်ကြီးကျည် အချို့ ကျရောက်ပေါက်ကွဲပြီးနောက် ထိမှန်ခံခဲ့ရခြင်းဖြစ်သည်။
“လက်နက်ကျည်က ခုထိကြတဲ့အနားမှာတင် ၃ လုံးကျတယ်။ ကျွန်မတို့အိမ်က လူကြီးတစ်ယောက်ကို လက်ထိပြီး ခုငါးချက်ချုပ်ထားရတယ်။ ဘေးမြန်မာလိုင်းခန်းက ကလေးလေးတစ်ယောက်လည်း ဘက်ဖက်လက်ကို အစထိသွားတယ်”ဟု ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။
လက်နက်ကြီးကျရောက်မှုမှာ ငါးလုံးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့သည်ဟု မဲ့ကိုကင်းဒေသခံများက ပြောဆိုသည်။အဆိုပါ လက်နက်ကြီးကျရောက်သော နေရာသည် သောင်ရင်းမြစ်ကမ်းစပ်နှင့် မီတာ ၃၀၀ ခန့်အကွာတွင်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေသော မင်းလက်ပံကျားဖြန့်လုပ်သားများစုစည်းနေရာနေရာနှင့် မီတာ ၄၀၀ ခန့်အကွာတွင် ရှိနေသည်ကို တွေ့ရှိရသည်။
“လက်နက်ကြီးအစထိတဲ့ ကလေးက မောင်ထူးဒေး၊ သူတို့က စစ်ဘေးရှောင်လာရတော့ အဲဒီလိုင်းခန်းမှာ ငှားနေရတာ၊ သူတို့အပေါ်အမိုးကို လက်နက်ကြီးကျည်စထိတာ။ မဲဆောက်အမ်ဖွေရုံး(အုပ်ချုပ်ရေး)က လူကြီးလည်း လာကြည့်သွားတယ်”ဟု မဲ့ကိုကင်းကျေးရွာရှိ မြန်မာနိုင်ငံသားများအရေးကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ထိုင်းလုံခြုံရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် နရဲစွမ်တပ်ဖွဲ့မှူး (Naresuan Force) ) ဗိုလ်ချုပ် မိုင်တလီ ချူ့လီချာ သည် ရာ့ချ်မနူး (Rajamnu) စစ်ကြောင်း ဒုတိယစစ်ကြောင်းမှူး၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ တာ့ခ်ခရိုင်၊ မဲဆောက်ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေရသည့် အဆိုပါကလေးငယ်၏ အခြေအနေကို ကြည့်ရှုမေးမြန်းခဲ့သည်ဟု ဖော်ပြထားသည်။
နရဲစွမ်တပ်ဖွဲ့မှူးက ကလေးငယ်အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကနဦး ထောက်ပံ့ပစ္စည်းများ ပေးအပ်အားပေးခဲ့ပြီး လက်ရှိတွင် ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်ရခြင်းမရှိတော့ဘဲ ဘေးကင်းသက်သာလျက်ရှိသည်ဟု ဖော်ပြထားသည်။
