![]()

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယနေ့နေ့လယ် တစ်နာရီခန့်တွင် သစ်သားနှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့ရသော အိမ်မှာ မြန်မာဈေးဟု လူသိများသော မဲဆောက်ဈေး၊ လပ်ကီးလက်ဖက်ရည်ဆိုင်ရှေ့လမ်းကြားတွင်ရှိပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ရသည်ဟု ကြုံတွေ့ခဲ့ရသူများက ပြောသည်။
“မီးကြိုးက ရှော့ဖြစ်ပြီး မီးထတောက်တော့ အဲဒီအိမ်ရှင်တစ်ယောက်က မိန်းသွားချတယ်။ အဲဒီအချိန်ပဲ မီးထဟပ်တော့ မျက်နှာတစ်ခြမ်းတောင် နည်းနည်းထိသွားတယ်”ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။


အဆိုပါ မီးလောင်ကျွမ်းမှုကို မဲဆောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၆ စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီးနောက် နေ့လယ် နှစ်နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
“ မီးက အရမ်းအရှိန်ပြင်းတော့ ဘာမှ ယူချိန်မရလိုက်ဘူး။ စာရွက်စာတမ်း၊ ငွေကြေးနဲ့ တခြားပစ္စည်းတွေ အကုန်ပါသွားတယ်”ဟု အိမ်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးလုပ်ဆောင်သူများက လာရောက်ပြီး မီးလောင်ကျွမ်းခံရသော အိမ်ပိုင်ရှင်များနှင့်တွေ့ဆုံမေးမြန်းအားပေးမှုများလုပ်ဆောင်ခဲ့သည်။
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)

