![]()
မိုးဦး
မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၁) မှအပ ကျန်နယ်စပ်ဖြတ်ကျော်ဂိတ်များကို ထိုင်းဘက်အခြမ်းမှ ၇ ရက်တာ ပိတ်လိုက်ကြောင်း ထိုင်းစစ်တပ်က ကြေညာသည်။
လက်ရှိတိုက်ပွဲများကြောင့် အရပ်သားများနှင့် လက်နက်ကိုင်အဖွဲ့များ ဖြတ်သန်းသွားလာမှုကို တားဆီးရန်အတွက်ဟုဆိုကာ ထိုင်းတော်ဝန်စစ်တပ်က နယ်စပ်ဖြတ်ကျော်ဂိတ်များကို ၇ ရက်ကြာ ပိတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယ်စပ်ဖြတ်ကျော်တိုက်ပွဲမှ လက်နက်ကြီးကျည် ငါးလုံး ထိုင်းပိုင်နက်ထဲ ကျရောက်ပြီး လူများ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်ကြောင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်နယ်စပ်လုံခြုံရေးတိုးမြှင့်ထားပြီး အကယ်၍ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားပါက ထိုင်းဘက်က ပြန်လည်ပစ်ခတ် တုံ့ပြန်မည်ဟုလည်း အာဏာပိုင်များက သတိပေးထားသည်။
နိုဝင်ဘာ ၃၀ တစ်နေ့လုံး၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် တစ်ဖက်ကမ်းရှိ မြဝတီမြို့နယ်၊ မင်းလက်ပံဒေသတဝိုက် KNU နှင့် စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာတဝိုက်သို့ လက်နက်ကြီး ကျည်များ ကျခဲ့သည့် ဖြစ်စဉ် ရှိကာ စစ်ရှောင်မြန်မာများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် မဲဆောက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၁) တစ်ခုတည်းသာ ပုံမှန်သွားလာခွင့်အတွက် ဖွင့်ထားဆဲ ဖြစ်ပြီး ကုန်ပစ္စည်းများ အဓိက သယ်ယူပို့ဆောင်သည့် အမှတ် ၂ တံတားကိုလည်း ပိတ်ပင်ထားဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါ နယ်စပ်ဂိတ် ပိတ်ပင်သည့် ကာလမှာ ၇ ရက်ထက်ကြာလာမည်ဆိုပါက မြဝတီဘက်၌ စားသောက်ကုန်နှင့် အရေးကြီးသည့် အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
#မဲဆောက် #နယ်စပ်ဂိတ် #ထိုင်းဘက် #ယာယီပိတ် #ThanLwinKhetNews
