စစ်အုပ်စုရဲ့နိုင်ငံရေးထွက်ပေါက် (သို့မဟုတ်) ဘာသာရေးမှိုင်း
**********************
ဘမောင်
နိုဝင်ဘာ ၂၀၊ ၂၀၂၃။
၂၁ ရာစု ကမ္ဘာပေါ်ကလူသားတွေဟာ ဘယ်လောက်ယဉ်ကျေးပါတယ် ပြောနေ ပြောနေ၊လက်တွေ့မှာတော့ ပြောတဲ့အတိုင်း မဟုတ်ဘူးဆိုတာ ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုကြည့်ရင်သိသာနိုင်ပါတယ်။ စစ်ပွဲတွေ ဆိုရာမှာလဲ ဘာသာရေးအခြေခံ၊ လူမျိုးရေးအခြေခံတဲ့စစ်တွေကိုပိုအတွေ့ရများပါလိမ့်မယ်။
ဘာသာရေး၊ လူမျိုးရေးဆိုတာ လူတွေကိုလှုံ့ဆော်မှိုင်းတိုက်ဖို့ အလွယ်ကူဆုံးအရာတွေမဟုတ်ပါလား။
ဒီအကြောင်းကို ကောင်းကောင်းသိတဲ့နယ်ချဲ့တွေက မြန်မာနိုင်ငံမှာ သွေးခွဲအုပ်ချုပ်ရေးနဲ့လူမျိုးရေးအဓိကရုဏ်း တွေ ကိုင်စွဲဖန်တီးခဲ့ကြပါတယ်။ (ပင်လုံစာချုပ်နဲ့ အင်္ဂလိပ်ခေတ် ကုလား-ဗမာအဓိကရုဏ်းတွေဟာ သက်သေပါပဲ) လွတ်လပ်ရေးရပြန်တော့လည်း ကိုယ့်မင်းကိုယ့်ချင်းဘုရားလောင်းဝန်ကြီးချုပ်ကြီးက နယ်ချဲ့ဝါဒကိုပဲ ဆက်လက် ကိုင်စွဲတယ် ပြောရပါလိမ့်မယ်။အဲဒါကတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့တာပါ။
ဖဆပလကိုအာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်နေဝင်းစစ်အစိုးရလက်ထက်မှာတော့ကိုလိုနီနယ်ချဲ့ထက်ရော၊ ဦးနု ထက်ပါ အများကြီးပိုဆိုးသွားခဲ့ပါတယ်၊ တရုတ်-ဗမာ အရေးအခင်း၊ ကုလား-ဗမာ အရေးအခင်းတွေအပြင် ဗုဒ္ဓ ဘာသာ တစ်ခုတည်းမှာတင် သာသနာသန့်ရှင်းရေးဆိုပြီးဘုန်းကြီးလူထွက်ခိုင်းတဲ့ကိစ္စမှာတောင် နိုင်ငံရေးနွယ်ပြီး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
ဗိုလ်ချုပ်နေဝင်းကိုဆက်ခံတဲ့ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ဗိုလ်ချုပ်သိန်းစိန်တို့ လက်ထက်မှာတော့ ဘာသာရေး၊ လူမျိုးရေးအသုံးချပြီးလူလူချင်းလှုံ့ဆော်တိုက်ခိုက်မှုပုံစံတွေက ပြောမဆုံးနိုင် ဖြစ်လာခဲ့ပါတယ်။ (အားနာပါးနာနဲ့မလွဲ မရှောင်သာထည့်ပြောရရင် NLD အာဏာရတဲ့ကာလမှာလဲ ဒါမျိုး သိပ် မကင်းခဲ့ပါ)၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာတော့ အမိုက်တကာ့ထိပ်ခေါင်အဆင့် ရောက်လာခဲ့ပါတယ်။
၂၁ ရာစုက သတင်းနဲ့နည်းပညာခေတ်ဖြစ်တာနဲ့အညီ ဝါဒဖြန့်ချိရေးပလက်ဖောင်းတွေက စုံလည်းစုံ၊များလည်းများ မဟုတ်လား။ အာဏာအင်အားရော ငွေအင်အားပါ စိတ်ကြိုက်အသုံးပြုနိုင်တဲ့စစ်တပ်ကဝါဒဖြန့်ချိရေးနေရာစုံမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်မှုအဖုံဖုံကိုဖန်တီးပါတော့တယ်။
စစ်ကောင်စီခေါင်းဆောင်တဲ့ခေတ်မှာတော့ OIC ကိုပစ်မှတ်ထားတဲ့ အမုန်းစကားတစ်ခုဖြန့်ချိလာတာ
အခုလိုပဲ တွေ့ရပါတယ်။
OIC ဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုပျက်သုဥ်းရေး၊ တပ်မတော်ပျက်သုဥ်းရေး၊မြန်မာနိုင်ငံအလုံးစုံပျက်သုဥ်းရေးနဲ့ ဝက် သားမစားတဲ့နိုင်ငံတစ်ခုပေါ်ထွန်းရေးတို့ကိုဦးတည်ဆောင်ရွက်နေပါတယ်တဲ့။ ပြည်တွင်းခရစ်ယာန်ဘာသာရေး အသင်းတွေဖြစ်တဲ့ ကချင် KBC ၊ချင်းနှစ်ခြင်းအသင်းတော်နဲ့ ပြည်တွင်းအစ္စလာမ်အသင်းအဖွဲ့တွေ၊ ပြည်တွင်း မီဒီယာတွေနဲ့ OICပူးပေါင်းပြီး မြန်မာနိုင်ငံပျက်သုဥ်းရေးကို ဆောင်ရွက်နေပါသတဲ့။
လက်ရှိဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးအတွင်း အင်တိုက်အားတိုက်ပါဝင်ဆင်နွှဲနေတဲ့တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ PDF တွေနဲ့ ပြည်သူလူထုအကြားမှာလဲ စစ်တပ်ကဒီနည်းကိုပဲဆက်လက်ကျင့်သုံးပါတယ်။
ငါတို့သည် ဘာသာခြားတို့၏ ကျွန်အဖြစ်မခံနိုင်၍ တပ်မတော်အားထောက်ခံပါသည်ဆိုတဲ့ အရေးတွေ၊PDF ထဲ အစ္စလာမ္မစ်အကြမ်းဖက် IS တွေ စိမ့်ဝင်နေတာကမ္ဘာကို ဖွင့်ချရမယ်ဆိုတဲ့ အပြောတွေကိုစစ်ကောင်စီလော်ဘီတွေ က တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ တွေ့ရပါတယ်။
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက တောခိုလာတဲ့ဗမာတွေကို စစ်သင်တန်းပေးပြီး ဗမာအချင်းချင်းတိုက်ခိုက် ခိုင်းကြောင်း၊ PDF တွေဟာ အခြားဘာသာဝင်တွေကို တိုက်ခိုက်လေ့မရှိဘဲဗုဒ္ဓဘာသာဝင်အပေါ်သာ တိုက် ခိုက်သတ်ဖြတ်လေ့ရှိကြောင်း၊ ဗမာအချင်းချင်းပြိုကွဲပါကတိုင်းရင်းသားများပိုမို ကြီးစိုးလာနိုင်ပြီး ခရစ်ယာန် ဘာသာလည်း ပိုမိုထွန်းကားလာမှာဖြစ်ကြောင်း စတဲ့ဝါဒဖြန့်ချိမှုမျိုးတွေကိုလည်း တွေ့ရပါတယ်။
တကယ်တော့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ရောပြွမ်းပါဝင်တဲ့ KNU လို တော်လှန်ရေးအဖွဲ့အစည်းမျိုးတောင်ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့က ရန်တိုက်သွေးခွဲပေးလို့ DKBA ဆိုတာပေါ်ပေါက်လာခဲ့ပြီးကရင်အမျိုးသားအချင်းချင်း စစ်ခင်းခဲ့ကြရဖူးတာပါ၊။
ဗုဒ္ဓဘာသာဝင်တွေအများစုပါဝင်တဲ့ ရက္ခိုင့်တပ်တော်လိုအဖွဲ့အစည်းမျိုးကိုတောင် ဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းအရာမျိုးတွေရေးပြီး စစ်တပ်က လှုံ့ဆော်နေပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ရခိုင်လူမျိုးတွေကိုအကာအကွယ်ပေးနေသူ မဟုတ်ဘဲ ရိုဟင်ဂျာတွေကိုကာကွယ်ပေးနေပြီး ရခိုင်တွေပျောက်ကွယ်အောင်လုပ်နေသူဖြစ်ကြောင်း၊ ရက္ခိုင့် တပ်တော်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကရခိုင်ကျောင်းဆရာမတွေကို သတ်လိုက်တယ်ဆိုတာမျိုးတွေပါ။
အခုလက်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ”၁၀၂၇ စစ်ဆင်ရေး”နဲ့ပတ်သက်ပြီးစစ်တပ်က အပုပ် ချပုံကိုလဲကြည့်ပါဦး။
ရှမ်းမြောက်က စစ်တပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ရာမှာ ဗမာ PDF တပ်တွေကို ရှေ့ကနေအသေခံတိုက်ခိုင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက နောက်ကနေပဲ နေပါသတဲ့။ အဲဒီဒေသတွေမှာဗမာ PDF ဘယ်လောက်များ များ ရှိနိုင်မလဲဆိုတာ တွေးကြည့်တာနဲ့တင် သိသာပါတယ်။
နွေဦးတော်လှန်ရေးမှာ အတက်ကြွနဲ့ အတော်လှန်ဆုံးအဖွဲ့အစည်းအဖြစ်ပါဝင်နေတဲ့ KIA ကိုလည်းဘုန်းကြီးတွေနဲ့ ဗမာတွေကို သတ်ဖြတ်နေကြောင်း၊ ဗမာမုန်းတီးရေးဝါဒအခြေခံပြီးဗုဒ္ဓဘာသာဝင်ဗမာတွေ အများဆုံး နေထိုင် နေတဲ့ စစ်ကိုင်းတိုင်းကို စစ်မြေပြင်အဖြစ် ဖန်တီးနေကြောင်း၊ဗမာအချင်းချင်း သတ်ဖြတ်ခိုင်းပြီး ဗုဒ္ဓဘာသာဝင် ဦးရေ လျော့နည်းကျဆင်းအောင်သွေးခွဲဆောင်ရွက်နေကြောင်း စသခြင့် ပုံဖော်ရေးသားခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးစကတည်းက နေပြည်တော်နဲ့မလှမ်းမကမ်းကနေ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ KNDFတော်လှန်ရေးအဖွဲ့ကိုလည်း ဗလောင်းဗလဲနဲ့ ရစရာမရှိအောင် ရေးသားတာမျိုးတွေ တွေ့ရပါတယ်။
၂၀၂၃ခုနှစ် မတ်လ ၁၁ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့လုံပျဉ်ကျေးရွာ အုပ်စု၊ နမ်းနိမ်ကျေးရွာမှာ ရဟန်းတော် ၃ ပါး အပါအဝင် ပြည်သူ ၃၀ ကျော်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကိစ္စတရားခံက ဘယ်သူလဲဆိုတာ အထူးမေးနေစရာမလိုပါဘူး။ မြန်မာ့တပ်မတော်ကြီးဆိုတာ အသေအချာပါပဲ။
ဒါပေမဲ့ ငါးဖယ်ကပြောင်းပြန်လှန်ပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက ဒါဟာ KNDFလက်ချက်ဖြစ်ကြောင်း ပြောဆို ခဲ့ကြပါတယ်။KNDF တွေဟာ ကရင်နီ၊ခရစ်ယာန်လက်နက်ကိုင်တွေဖြစ်တာနဲ့အညီ ဗုဒ္ဓဘာသာဝင် ရဟန်းတွေနဲ့ ဗုဒ္ဓဘာသာဝင်ပအိုဝ်းတွေကိုရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ လူမျိုးရေး၊ ဘာသာရေးမှိုင်း တိုက်ခဲ့ကြပါတယ်။
နောက်တစ်ခါ KNDF စခန်းတစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကျဆုံးသူတွေရှိခဲ့ပါတယ်။ကျဆုံးသူတွေကို သင်္ဂြိုဟ်ရာမှာ ကယန်းလူမျိုးဖြစ်တဲ့ခရစ်ယာန်ဘာသာဝင်တွေကို ဂူသွင်းသင်္ဂြိုဟ်ပြီးဗမာ PDF တွေကိုတော့ ကျင်း တစ်ကျင်းတည်း စုပြုံထည့်သွင်းမြှုပ်နှံခဲ့တယ်လို့စစ်တပ်ဝါဒဖြန့်သမားတွေက သုဿန်တစပြင်အထိ လိုက်ပြီး သွေးခွဲသပ်လျှိုနေတာကိုလည်းတွေ့ရပါတယ်။
စစ်အာဏာရှင်အဆက်ဆက် တရုတ်-ဗမာ ရန်တိုက်ပေးလာရာကနေ ဗကပ အရှေ့မြောက်စစ်ဒေသပေါ်ပေါက်လာ ခဲ့ဖူးပါတယ်။ ကုလား-ဗမာရန်တိုက်ပေးကောင်းရာက (ဒေါ်အောင်ဆန်းစုကြည်ပါအမှုတွဲပြီး) ICJ လည်း ရောက်ခဲ့ ဖူးသလို သူတို့တွေရဲ့အရှုံးက ကြီးမားခဲ့ပါတယ်။
အခုလည်းပဲ ငွေတွေပုံအောသုံး၊ အာဏာတွေမိုင်ကုန်သုံးပြီး စစ်တပ်က ဘယ်လိုပဲဝါဒဖြန့်ချိနေနေ၊အမှန်တရားက စစ်တပ်လက်ထဲမှာ ရှိမနေတဲ့အတွက် ဘယ်လိုမှအောင်မြင်မှု ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ ဘာသာရေး၊ လူမျိုးရေးကိုင်စွဲပြီး မြန်မာစစ်အစိုးရအဆက်ဆက် (NLD အပါအဝင်) လူမျိုးရေး၊ဘာသာရေး သွေးခွဲလှုံ့ဆော်မှိုင်းတိုက်မှုတွေမှာ ပြည်သူတွေအနေနဲ့ အမှုမဲ့အမှတ်မဲ့စီးမျောပျော်ဝင်သွားတတ်တဲ့အတွက် အထူးသတိထား ရှောင်ရှားတိုက်ဖျက်ရမယ့် အရာဖြစ်ကြောင်းအလေးအနက် တင်ပြလိုက်ရပါတယ်။