![]()

ခင်သရဖီဦး
ကမ္ဘာတစ်ဝန်းလုံး၌ နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည့် ယနေ့တွင် စစ်တပ်က သံတွဲမြို့အား လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၇ နာရီ ၂၈ မိနစ်အချိန်တွင် သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“၇ နာရီကျော်လောက်မှာ ဗုံးချသွားတာပါ။ အခုလောလောဆယ် နေအိမ်တော်တော်များများ မီးလောင်နေပါတယ်။ လူအသေအပျောက် အခြေအနေကိုတော့ စုံစမ်းနေတုန်းပါပဲ” ဟု ၎င်းကဆိုသည်။

အာရက္ခတပ်တော် (AA) ကလည်း တစ်ကမ္ဘာလုံး၌ နှစ်သစ်ကို ကြိုဆိုနေကြသည့်အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူနေအိမ်အချို့ မီးလောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
အထိအခိုက်နှင့် သေဆုံးမှုအသေးစိတ်ကိုမူ ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် ဒေသခံ ၉ ဦး သေဆုံးကာ ၁၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂၃ လုံး မီးလောင်ပြာကျခဲ့သည်။

ပုံစာ – မီးလောင်နေသည့် နေအိမ်များအား တွေ့ရစဥ်
#နှစ်သစ်ကူးအကြိုည #သံတွဲ #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews

