![]()

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် ယမန်နေ့ညက အလှူလုပ်ရန်သွားသည့်ကား တိမ်းမှောက်ပြီး လိုက်ပါလာသည့် မြန်မာ ၆ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ယာဥ်မောင်းအပါအဝင် မြန်မာ ၁၃ ဦး လိုက်ပါလာသည့် ပစ်ကပ်ကား(Pickup Truck)တစ်စီးသည် မြေအောက်လှိုဏ်ခေါင်းတစ်ခု အနီးတွင် ရုတ်တရက် ညာဘက်သို့ ကွေ့လိုက်သဖြင့် ဘရိတ်အုပ်ချိန်မမီဘဲ အကာအရံများကို တိုက်မိကာ ရေထဲသို့ ထိုးကျသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဖြစ်ပွားသည့်အချိန်တွင် အနီးနားရှိ ဒေသခံများက ရေထဲသို့ ခုန်ဆင်းကာ အသက်ရှင်ကျန်သူ ခုနစ်ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး) ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား နှစ်ဦးကို လမ်းလုက္ကာ (Lam Luk Ka) ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့သည်။

ထို့နောက် ကမ်းစပ်မှ ၁၅ မီတာခန့်အကွာ ရေအောက်တွင် နစ်မြုပ်နေသော ကားကို သန်းခေါင်ယံအချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ကားအတွင်း ပိတ်မိနေသည့် ရုပ်အလောင်း သုံးခု (အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး) ကို ဆယ်ယူနိုင်ခဲ့သည်။
အခင်းဖြစ်ပွားစဉ် ပျောက်ဆုံးနေသူ သုံးဦးမှာ ကားတိုက်မိချိန်တွင် ကားပေါ်မှ လွင့်စင်ထွက်သွားသည်ဟု ယူဆရသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု ထိုင်းအာဏာပိုင်များက အသိပေးထားသည်။

#ထိုင်း #မြန်မာကားမှောက် #ပျောက်ဆုံးသူများရှိ #ThanLwinKhetNews
