![]()
ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးနောက် မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီသည် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ လုံခြုံရေးအင်အား အလုံးအရင်းဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၂၉ တွင်လည်း လက်နက်ကြီးသံများ ဆက်လက်ကြားနေရခြင်းဖြစ်သည်။
စစ်တွေမြို့မှ အသက် ၃၀ အရွယ်ဒေသခံ အမျိုးသားတစ်ဦးက “မဲရုံတွေမှာ စစ်သားတွေ အများကြီးချထားပြီး ရွေးကောက်ပွဲကို လုပ်ခဲ့တာပါ။ မနေ့က ညနေ ၄ နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံတွေ စကြားရတယ်။ ဒီနေ့အထိလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်နေကြတုန်းပဲ” ဟု ဆိုသည်။
ရွေးကောက်ပွဲကာလအတွင်း စစ်ကောင်စီက တပ်အင်အား ရာနှင့်ချီကာ လုံခြုံရေး တင်းကျပ်ထားခဲ့သည်။ ယင်းနေ့တွင်ပင် မြို့ပြင်ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာများသို့ လက်နက်ကြီးများ ကျရောက်ခြင်းအပြင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ယင်းတိုက်ပွဲများတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှုများလည်း ပါဝင်ပြီး အေအေဘက်က အသာစီးရနေသည်ဟု သိရသည်။
“အပြန်အလှန် ပစ်ခတ်မှုတွေရှိသလို ဒရုန်းတွေနဲ့လည်း ပစ်ကြတယ်။ အေအေဘက်ကလည်း ဒရုန်းတွေ သုံးပြီး တိုက်ခိုက်နေတာတွေ ရှိတယ်။ အေအေဘက်ကတော့ အသားစီးရနေတယ်။ စစ်တပ်ဘက်က တက်လာတဲ့ ဒရုန်းတွေကိုပါ အေအေဘက်က ရှင်းလင်းနိုင်တာတွေရှိတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ ခုအနက် ၁၄ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်ကျန် ထိန်းချုပ်ထားနိုင်သည့် မြို့နယ် ၃ ခုဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်သာ ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
#စစ်တွေ #ရွေးကောက်ပွဲ #လက်နက်ကြီးသံ #ThanLwinKhetNews
