စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် နမ့်ဆန်မြို့သစ်ကျေးရွာက ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
*******************************************
သံလွင်ခက်
နိုဝင်ဘာ ၂၀၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာကို စစ်ကောင်စီ က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၀ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ သည်။
ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ကျေးရွာအား ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် အိမ်ရှင်အမျိုးသားတို့မှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် ၁ ဦးမှာ ဆေးကုသနေချိန်တွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံ ၁ ဦးကပြောသည်။
“မနေ့ည လူတွေအိပ်နေချိန်မှာ လာပစ်တာ။ ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဒီမှာ ဘာစစ်သားမှလည်းမရှိဘူး။ လက် နက်ကြီးက အခုဆုံးသွားတဲ့လူရဲ့အိမ်ပေါ်ကိုတည့်တည့်ကျတာ” ဟု ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၂ လုံး မီး လောင်ပျက်စီးခဲ့သည့်အပြင် နောက်ထပ်နေအိမ် ၂၅ လုံးထိမှန်ပျက်စီးခဲ့သည်။
ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင်လည်း စစ်ကောင်စီ၏နမ့်ဆန်မြို့ပေါ်ရှိစစ်စခန်းကနေ၍ မြို့သစ်ရွာဘက်သို့ TNLA တပ်ဖွဲ့ဝင်များရှိသည်ဆိုသောအကြောင်းပြချက်ဖြင့် နေ့လယ် ၁၂ နာရီဝန်းကျင်ကစကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ယခုသတင်းရေးသားချိန်အထိ လက်နက်ကြီး ၂၅ လုံးနီးပါးပစ်ခတ်ခဲ့သည်ဟု သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်သည့်နေ့ကစ၍ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၄၀ ဦးသေဆုံးခဲ့ပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ဘက်ကထုတ်ပြန်ထားသည်။
ပုံစာ -နမ့်ဆန်မြို့နယ် ၊ မြို့သစ်ကျေးရွာက ပျက်စီးသွားသောနေအိမ်များ
photo – Local
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2513
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6325