![]()
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးအကြိုနေ့တွင် မြို့နေလူထုအားလုံးနီးပါး စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။
ဒီဇင်ဘာ ၂၈ ညနေပိုင်းမှစတင်ကာ တော်လှန်ရေးတပ်များက ကသာမြို့ရှိ အာဏာသိမ်းစစ်အုပ်စုစခန်းများကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့အဝင်ရှိ ပတ္တမြားကုန်းစစ်တပ်အထိုင်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်တော့ စခန်းတွေကျသွားတာရှိတယ်။ အဲဒီနောက်ပိုင်း စစ်တပ်က လေယာဉ်နဲ့ ၃ စီးတစ်ခေါက်စီနဲ့ ၇ ခေါက်လောက်လာကြဲတယ်။ ပြောရရင် အကြိမ် ၂၀ ဝန်းကျင်လောက်ရှိတယ်။ မြို့နားက ရွာတွေဘက်ကို ဆက်တိုက်ကြဲနေတာ”ဟု ယင်းဒေသမှ စစ်ဘေးရှောင်နေရသူ အမျိုးသားလူငယ်တစ်ဦးက ပြောသည်။
ကသာမြို့သည် မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိပြီး မြို့နေလူထုမှာ ၃သောင်းကျော်ရှိသည်ဟု ဒေသခံရင်းမြစ်များက ပြောဆိုသည်။ အနီးအနားရှိကျေးရွာများကို တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ပေါ်တွင် ရှိသော စစ်တပ်က ရွေးကောက်ပွဲပထမပိုင်းတွင် ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သည်။

သို့ရာတွင်လည်း အဆိုပါရွေးကောက်ပွဲကျင်းပလုပ်ဆောင်မည့်နေ့တွင်ပင် စစ်ကိုင်းတိုင်းအတွင်း ကသာ၊ ဘုတလင်အရာတော်မြို့များသို့ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
“ခုတော့ သဖန်းကိုင်းဘက်နဲ့ မိုးညှင်းဘက်ကို ထွက်ပေါက်ပေးထားတော့ အဲဒီအပေါက်တွေကနေ အဆင်ပြေသလို စစ်ဘေးရှောင်နေရတယ်။ ဆိုင်ကယ်၊ ထော်လာဂျီ၊ ကားအဆင်ပြေသလို ပြေးနေရတာ ဒီနေ့ဆို ၂၀၂၅ နှစ်ကုန်နေ့မှာ မြို့မှာ လူမကျန်တော့သလောက်ပဲ။ မနက်အစောကြီးကတည်းက ပြေးနေကြရတယ်”ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များသည် မြို့ပေါ်ရပ်ကွက်၅ အပါအဝင် ရပ်ကွက်အချိုု့သို့ ရောက်ရှိလာပြီး စစ်အုပ်စု၏ ခမရ (၃၀၉) တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေကြောင်းပစ်ကူများသုံး၍ အပြင်းအထန် ဗုံးကြဲခုခံလျက်ရှိသည်။
ဓါတ်ပုံ – ဒေသခံ
#ကသာမြို့ #နှစ်သစ်ကူးကာလ #အိုးအိမ်စွန့်ခွာထွက်ပြေး #မြို့အဝင်စခန်း ##တော်လှန်ရေးတပ်များသိမ်းပိုက် #ThanLwinKhetNews
