![]()
ခင်သရဖီဦး
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်၊ ငပလီမြို့တွင် နေအိမ်တစ်လုံးကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တီဗီကြည့်နေစဉ်ဖြစ်သည့်အတွက် ကလေးငယ်များအပါအဝင် ဒေသခံ ၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီကျော်ခန့်တွင် ငပလီမြို့၊ လင်းသာရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၄ နှစ်အရွယ် သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“လင်းသာရပ်ကွက်က လင်းအောင်ရေခဲစက်အနီးက နေအိမ်မှာ လူတွေ စုပြီး တီဗီ ကြည့်နေကြတာပါ။ အဲဒီမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာ။ ကျမတို့တောင် ဗုံးခိုကျင်းထဲ မရောက်လိုက်ဘူး။ အသံကြားတာနဲ့ ပစ်ချသွားတာပဲ” ဟု ၎င်းက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် သုံးဦးနှင့် လူကြီး ခြောက်ဦး စုစုပေါင်း ကိုးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၂ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမှု ပေးနေရသော်လည်း ဆေးဝါးအခက်အခဲ ရှိနေကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဒဏ်ရာပြင်းထန်တဲ့ လူတွေ များပါတယ်။ ဆေးဝါးတွေကလည်း အလုံအလောက်ရှိနေတဲ့ အနေအထားမဟုတ်တော့ တော်တော်များများ စိုးရိမ်ရတယ်။ လူနေအိမ်တွေကို အခုလို တမင်ဦးတည် တိုက်ခိုက်တာက တော်တော်လေး ရက်စက်လွန်းပါတယ်” ဟု ၎င်းက ပြောသည်။

သံတွဲမြို့နယ်တွင် ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၂၅ ရက်ကလည်း အမှတ် (၅) တိုက်နယ်ရှိ ကျေးရွာတစ်ရွာ ဗုံးကြဲခံရမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့အတူ ဒီဇင်ဘာ ၁၀ ရက်ကလည်း မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးဝန်ထမ်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၃၄ ဦး သေဆုံးကာ ၇၇ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
#ငပလီ #စစ်တပ် #ဗုံးကြဲ #ThanLwinKhetNews
