![]()
ခင်သရဖီဦး
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် အာဏာသိမ်းစစ်တပ်က ကုန်လမ်း၊ ရေလမ်းများကို နှစ်နှင့်ချီ ကြာမြင့်စွာ ပိတ်ဆို့ထားမှုကြောင့် အခြေခံလူတန်းစားများမှာ အလုပ်အကိုင် ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်းဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်ဟု မြို့ခံများထံမှ သိရသည်။
မြို့အား ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်၍ အချိန် ကြာလာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး နေ့စားအလုပ်သမားများအတွက် လုပ်ကိုင်စားသောက်စရာ နေရာမရှိသလောက် ရှားပါးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရွှေမင်းဂံရပ်ကွက်နေ အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးက “ဆန်၊ ဆီ၊ ဆား၊ ငရုတ်ကအစ အကုန်ဈေးတွေ မတန်တဆ တက်နေတာ။ အရင်ကလို ကုန်တင်ကုန်ချ အလုပ်တွေရော၊ ဆိုင်ကယ်ကယ်ရီမောင်းတာတွေပါ အကုန်လျော့သွားတယ်။ လက်လုပ်လက်စားတွေကတော့ တကယ့်ကို ငတ်မွတ်မယ့် အခြေအနေကို ရင်ဆိုင်နေရတယ်။ အခုဆို ဆန်ကို ချွေတာပြီး လျှော့စားနေရတဲ့သူတွေတောင် များလာပြီ” ဟု ပြောသည်။
စစ်တွေမြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် အနိမ့်ဆုံးစျေး ကျပ် ၁၅၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ဓာတ်ဆီတစ်လီတာ ၁၃၀၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လျက်ရှိသည်။
ထို့ပြင် လက်ရှိ စစ်တွေမြို့တွင် ငွေကြေးတတ်နိုင်သူများပင် ပစ္စည်းဝယ်ယူရန် ခက်ခဲနေပြီး လက်လုပ်လက်စားများအတွက်မူ အလုပ်လက်မဲ့ပြဿနာက အဓိက စိန်ခေါ်မှုဖြစ်လာနေသည်။
စစ်ကောင်စီသည် စစ်တွေမြို့ကို ၂၀၂၃ ခုနှစ် တကျော့ပြန်တိုက်ပွဲများ စတင်ချိန်ကတည်းက ကုန်လမ်း၊ ရေလမ်းအားလုံး ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော နယ်မြေများမှ ပြည်သူများ ဝင်ရောက်ခွင့်ကို တားမြစ်ထားသလို မြို့တွင်းရှိ ပြည်သူများ ပြင်ပသို့ ထွက်ခွာခွင့်ကိုလည်း တင်းကျပ်စွာ ပိတ်ပင်ထားသည်။
တဖက်တွင်လည်း စစ်ကောင်စီတပ်သည် စစ်တွေမြို့ပတ်လည်၌ ဘန်ကာများ အခိုင်အမာ တည်ဆောက်ခြင်း၊ မြေကျင်းများတူး၍ လက်နက်ကြီးများ နေရာချထားခြင်းနှင့် စစ်အင်အား တိုးချဲ့ချထားခြင်းတို့ ပြုလုပ်ကာ ခံစစ်ကို အပြင်းအထန် ပြင်ဆင်လျက်ရှိသည်။
မြို့ခံများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြားမှ စစ်တပ် ဖမ်းဆီးမည့် အန္တရာယ်ကိုလည်း စိုးရိမ်နေရသည်။ မြို့ပေါ်ရပ်ကွက်များတွင် နေ့စဉ်နှင့်အမျှ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး သံသယရှိသူများကို ဖမ်းဆီးတရားစွဲဆိုမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
“ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ဖမ်းတာလည်းရှိတယ်။ လူတွေကတော့ ညအချိန်ဆို အပြင်မထွက်ကြတော့ဘူး” ဟု ရူပမြောက်ရပ်ကွက်မှ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့ခံများသည် တိုက်ပွဲများ မြို့ပေါ်အထိ ကူးစက်လာမည်ကို စိုးရိမ်နေသကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း အခြေခံစားသောက်ကုန် ပြတ်လပ်မှုကြောင့် ရေရှည်တွင် အငတ်ဘေးဆိုက်ရောက်လာမည်ကို ထိတ်လန့်နေကြသည်ဟု ဆိုသည်။
#ဘက်စုံပိတ်ဆို့မှု #စစ်တွေ #လက်လုပ်လက်စား #အငတ်ဘေးရင်ဆိုင်နေရ #ThanLwinKhetNews
