![]()
ခင်သရဖီဦး
သံတွဲမြို့နယ်၊ ငပလီမြို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများမှာ ဆေးဝါးကုသမှုခံယူရန် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အကူအညီပေးနေသူများထံမှ သိရသည်။
ထိုသို့ အခက်အခဲဖြစ်နေသူများအတွက် ပြည်တွင်းပြည်ပရှိ အလှူရှင်များထံမှ အလှူငွေများ ကောက်ခံသွားမည်ဖြစ်ကြောင်း ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့မှ ကိုသက်လွင်ဖြိုးက ပြောသည်။
“ကျွန်တော်တို့ ပြည်တွင်းပြည်ပက အလှူငွေတွေကို ဇန်နဝါရီလ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ခံသွားပါမယ်။ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ အိမ်ခြေရာမဲ့ ဖြစ်သွားရတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်တွင် ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် စုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးနှင့် လူနေအိမ် ၂၃ လုံးခန့် ပြာကျကာ လုံးဝပျက်စီးခဲ့သည်။
လက်ရှိတွင် အိုးအိမ်မဲ့ဖြစ်သွားသည့် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲအပြင် ဒဏ်ရာရရှိသူများအတွက် ဆေးဝါးကုသစရိတ်များ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။
ကိုသက်လွင်ဖြိုးက “ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာရောက် မြန်မာအလှူရှင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အပြည့်နဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
သံတွဲမြို့က တချို့ ဒေသခံများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေကြရပြီး ပင်လယ်ပြင်တွင် စစ်ကော်မရှင်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ငါးဖမ်းမထွက်ရသည့်အတွက် စားသောက်ရေးနှင့် နေထိုင်ရေးတို့တွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ရခိုင်တွင် နေစဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
#ငပလီဗုံးကြဲခံရမှု #ဆေးကုသစရိတ် #အရေးပေါ်အကူအညီလို #ThanLwinKhetNews
