![]()
သျှင်မြတ်ဖြူ
ရခိုင်ပြည်၊ ငပလီမြို့တွင် စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပျက်အစီးများအောက်၁၂ နာရီကြာ ပိတ်မိနေခဲ့သည့် အသက် ၃ နှစ်မပြည့်သေးသော ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်က လင်းသာရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ဗုံးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းအပျက်အစီးများအောက်တွင် ပိတ်မိနေသည့် မအေးသန္တာထွန်း (ခ) မေကံကောင်းကို နောက်တစ်နေ့ (ဒီဇင်ဘာ ၃၀) နံနက် ၈ နာရီအချိန်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ကလေးက ဗုံးကြဲခံရတဲ့ အဆောက်အအုံအောက်မှာ ၂၉ ရက် ည ၈ နာရီကနေ၊ ၃၀ ရက်နေ့ မနက် ၈ နာရီအထိ တစ်ညလုံး ပိတ်မိနေခဲ့တာပါ။ ပျောက်ဆုံးနေတဲ့ ကလေးကို ကျွန်တော်တို့အဖွဲ့တွေ ရှာဖွေနေစဉ်မှာ သစ်တုံးတွေ ပိနေတဲ့အောက်ကနေ အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဆေးကုသမှုခံယူဖို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့လို့ အခုတော့ ကျန်းမာစွာ ရှိနေပါပြီ” ဟု ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့သော် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်၏ မိခင်ဖြစ်သူမှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများဖြင့် သတိမေ့မြောနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့နှင့်အတူရှိနေသည့် အခြားမိသားစုဝင် ၅ ဦး အပါအဝင် စုစုပေါင်း ၉ ဦးအထိ သေဆုံးခဲ့ရသည်။
လက်ရှိတွင် ခြေထောက်ဒဏ်ရာ ရရှိထားသည့် အဆိုပါ ကလေးငယ်အတွက် ဆေးကုသစောင့်ရှောက်ရန်နှင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
စစ်ကော်မရှင်သည် ရခိုင်ဒေသအတွင်း အရပ်သားပစ်မှတ်များကို ဆက်တိုက်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) ကလည်း သံတွဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသေးသည်။
ယခုကဲ့သို့ အရပ်သားပြည်သူများနှင့် ကလေးငယ်များအပေါ် ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်များအပေါ် ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ရှုတ်ချလျက်ရှိသည်။
#ငပလီဗုံးဒဏ် #၃နှစ်သမီး #ThanLwinKhetNews
