မပြီးဆုံးသေးသော ကရင့်တော်လှန်ရေး (သို့မဟုတ်) အမှောင်ထုကင်းဝေးရာမြေ ကော်သူးလေ
***********************
ဘုန်းမောင်
အောက်တိုဘာ ၂၈၊ ၂၀၂၃။
ကရင်လူမျိုးများသည် ယဥ်ကျေးသိမ်မွေ့ပြီး ဝေးလံခေါင်သီသောတောင်များ ၊တောတွင်းချိုင့်ဝှမ်းများနှင့် မြန်မာနိုင်ငံဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၏ အဆုံးမရှိသောလွင်ပြင်များရှိ၎င်းတို့ပိုင်ဆိုင်ရာလယ်ကွင်းများတွင် လယ်ယာ စိုက်ပျိုးရင်း နေထိုင်ခဲ့ကြသည်။
ငှက်ခတ်သမားများအန္တရာယ်ကြောင့်ထွက်ပြေးကြရသောငှက်များကဲ့သို့ ကရင်မိဘများသည်၎င်းတို့ကလေးများကို “စားစရာရှိတာြမန်မြန်စား ၊ သိပ်မကြာခင် ဗမာ(စစ်သား)တွေလာလိမ့်မယ်” ဟုသတိပေးစကားပြောဆိုလေ့ရှိ ကြောင်း ဗြိတိသျှသမိုင်းပညာရှင်တစ်ယောက်ကရေးသားခဲ့သည်။
ထိုခေတ်ထိုအချိန်ကစပြီး ကရင်ပြည်နယ်သည် အများကြီးပြောင်းလဲသွားခဲ့သည်။ပထမဆုံးအကြိမ်တိုက်ပွဲအပြီး ကစတင်ခဲ့သော “ကရင်တော်လှန်ရေး ခရီးရှည်ချီတက်ပွဲ”က ၇၃နှစ်ကြာသွားခဲ့ပြီလည်းဖြစ်သည်။ ဒီကနေ့ ခေတ်မှာတော့ ၎င်းတို့၏ပဥ္စမမြောက်မျိုးဆက်များကဗမာကြီးစိုးသောစစ်အာဏာရှင်များကို အသေခံတိုက်ပွဲဝင် လျက်ရှိနေကြသည်။ ကရင်လူမျိုးများသည်ဗဟိုကြီးစိုးသောအုပ်ချုပ်ရေးကိုတော်လှန်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရေးအတွက်တိုက်ပွဲဝင်နေကြသူများဖြစ်သလို ၎င်းတို့တော်လှန်ရေးက မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် သက်တမ်းအရှည်ကြာဆုံးသောတော်လှန်ရေးလည်းဖြစ်သည်။
လွန်ခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာအရပ်သားအစိုးရကိုစစ်တပ်ကဖြုတ်ချပြီးနိုင်ငံတော် အာဏာသိမ်းယူခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးကလည်းပျက်ပြားသွားခဲ့သည်။နောက်တစ်ဖန်ပြန်ကျော့လာ သော မြန်မာနိုင်ငံ၏အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး – KNU နှင့်မြန်မာစစ်တပ်ကြားပြောက်ကျားစစ်ပွဲများကြောင့် နိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်အရပ်သားများ ထိခိုက်ခဲ့ရသည်။ ကရင်ကျေးရွာများဖျက်ဆီးခံခဲ့ရပြီး ပိုပြီးကံဆိုးသူများကတော့ “အကြမ်းဖက်သမား”သံသယဖြင့် မြန်မာ စစ်တပ်၏ဖမ်းဆီးနှိပ်စက်ခြင်းခံရသလိုတချို့ကတော့အသက်ပင်ဆုံးရှုံးခဲ့ရသည်။ အသေအပျောက်များသောလေကြောင်းထိုးစစ်ဆင်တိုက်ခိုက်မှုများကို မြန်မာစစ်တပ်ကအသုံးပြုလာသောအခါမှာတော့ ထောင်နှင့်ချီသော အရပ်သားများ ထိုင်းနယ်စပ်ကိုထွက်ပြေးခဲ့ရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမြန်မာစစ်တပ်ကိုစစ်ရေးအရအရေးယူဆောင်ရွက်မှု များပြုလုပ်ရန် ရခိုင် ၊ ချင်း ၊ ကချင် နှင့်အခြားတိုင်းရင်းသားလူနည်းစုဗမာအဖွဲ့အစည်းများနှင့်အတူ ကရင်ကလည်းအာဏာရှင်စစ်အစိုးရကိုဖြုတ်ချရန်ရည်ရွယ်ချက်ဖြင့် ပြည်တွင်းစစ် သို့မဟုတ်တော်လှန်ရေးတွင်းသို့ပါဝင်ခဲ့သည်။
ယူကေအခြေစိုက် ကရင်အရေးတက်ကြွလှုပ်ရှားသူ ဇိုရာဖန်က “ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းကစလို့ကရင်တွေ အနေနဲ့လက်နက်ကိုင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ဘူး” ဟုပြောသည်။ ဇိုရာ၏ဖခင်မှာလုပ်ကြံသတ်ဖြတ်ခံ ခဲ့ရပြီး သူမမိခင်ကလည်း ဒုက္ခသည်စခန်းတွင်ကွယ်လွန်ခဲ့ရသည်။ကလေးဘဝကကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်း ကြုတ်မှုများကို ယနေ့တိုင်မမေ့နိုင်သေးကြောင်းသူမကပြောသည်။
“ မြန်မာစစ်အာဏာရှင်တွေက ကျွန်မတို့လူမျိုးတွေပျောက်ကွယ်သွားအောင်အပြင်းအထန်ကြိုးစားခဲ့ပေမယ့် ကျွန်မတို့ အသက်ရှင်ခဲ့ကြတယ်။ အခုအခြေအနေတွေကစိတ်ပျက်စိတ်ဓာတ်ကျစရာကောင်းနေပေမယ့် ကရင် ပြည်နယ်တိုက်ပွဲတွေကအောင်မြင်ဖို့အလား အလာရှိတယ်လို့ မျှော့်လင့်ထားပါတယ်” ဟု သူမကပြောသည်။
ပြင်ပလူများကတော့ မြန်မာနိုင်ငံအရှေ့တောင်ဘက်တောင်တန်းများတွင်နေထိုင်ကြသောကရင်လူမျိုးများသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး KNUဦးဆောင်မှုအောက်တွင်တိုက်ပွဲများဆင်နွှဲနေကြသည်ဟုသာ မြင်လေ့ရှိ သည်။ သို့သော်အမှန်တရားကပိုပြီးရှုပ်ထွေးပါသည်။ ခန့်မှန်းခြေအားဖြင့် ကရင်လူမျိုး ၇ သန်းရှိပြီး စစ်ပွဲများဖြစ်ပွားနေရာဒေသများအပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ၊ ရန်ကုန် နှင့်အခြားနေရာများတွင်လည်းနေထိုင်ကြ သည်။ သန်းဝက်ခန့်က ထိုင်းနိုင်ငံတွင်နေထိုင်ကြပြီး အမေရိကန် ၊ကနေဒါနှင့် အခြားနိုင်ငံများတွင် တစ်သိန်းခွဲ ခန့်နေထိုင်ကြသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၇၀ ရာခိုင်နှုန်းရှိနေချိန်တွင် ခရစ်ယာန်ဘာသာကိုးကွယ်သူ ၂၀ရာခိုင်နှုန်း သာရှိပြီး ကျန်လူများကတော့ နတ်ကိုးကွယ်မှုနှင့် မူဆလင်များဖြစ်ကြသည်။မတူကွဲပြားသောလူ့အဖွဲ့အစည်း အတွင်း အဓိကဘာသာစကား ၃ မျိုး နှင့် အခြားမြောက်မြားစွာသောဒေသိယစကားများကိုလည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်းရှိလူများကို“တိတ်ဆိတ်အေးချမ်းသော ကရင်များ”ဟု မကြာခဏ ခေါ်ဝေါ်လေ့ရှိကြပြီး
၎င်းတို့ကိုယ်ပိုင်အဖွဲ့အစည်းများကို ကိုယ်ပိုင်အင်အားဖြင့်တည်ဆောက်ထားကာ အကြမ်းမဖက်ရေးလမ်းစဥ်ကိုသာ လျှောက်လမ်းခဲ့ကြသည်။ တိုင်းရင်းသားညီအစ်ကိုများကိုလည်းစာနာနားလည်ကြောင်း ယေဘုယျအားဖြင့်ဖော်ပြလေ့ရှိသည်။
“ ကရင်အမျိုးသားရေးဝါဒီတွေအတွက် အကြိမ်ပေါင်းများစွာမက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ပေမယ့်ဒီကနေ့အထိတော့ တစ်ခါမှမဖြစ်ခဲ့သေးဘူး” ဟု “Burma: Insurgency and the Politics of Ethnicity”စာအုပ်ရေးသားခဲ့သူ ယူကေ အခြေစိုက်စာရေးဆရာ မာတင် စမစ်ကပြောသည်။ “ကရင်လူမျိုးနေထိုင်တဲ့နေရာ ၊ ကရင်ခေါင်းဆောင် နဲ့ ကရင် နိုင်ငံရေး ၊ ကရင်လူ့အဖွဲ့အစည်းရှိတဲ့ဘယ်လိုနေရာမျိူးတွေမှာမဆို သူတို့ရဲ့ဘာသာစကားပြောဆိုပိုင်ခွင့် ၊ သူတို့ရဲ့ယဥ်ကျေးမှုဓလေ့ထုံးစံထုတ်ဖော်ပိုင်ခွင့်တွေ စွက်ဖက်ခံရခြင်းအတွက်မကျေမနပ်ဖြစ်ရကြောင်းအမြဲညည်းညူလေ့ ရှိကြတယ်။ စီးပွားရေး ၊ မြေယာပိုင်ဆိုင်ခွင့်နဲ့ လူနေမှုအဆင့်အတန်းတွေမှာလည်းကရင်တွေအပေါ်ခွဲခြားမှုတွေရှိ တယ်” ဟု စမစ်ကပြောသည်။
Burma Campaign UK ၏ စည်းရုံးရေးမန်နေဂျာဖြစ်သူ ဇိုရာကလက်ရှိအချိန်တွင်ကရင်လူမျိုးများသည် ယခင်က ထက်ပိုမိုစည်းလုံးညီညွတ်လျက်ရှိနေပြီး KNUထိန်းချုပ်ဧရိယာရှိကရင်များအပြင် ထိုင်း – မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံတွင်းရောက်ရှိနေသောကရင်များ ၊ ကမ္ဘာတစ်ဝန်းရှိကရင်များက ၎င်းတို့လုပ်ဆောင်ချက်များနှင့် နိုင်ငံရေးသတင်းစကားများကို အားလုံးလက်တွဲပြီးညှိနှိုင်းဆောင်ရွက်နေကြကြောင်းဖြင့်ပြောသည်။
ကရင်အမျိုးသားရေးလှုပ်ရှားမှုက ၁၈၈၁ ခုနှစ်ကရင်အမျိုးသားအစည်းအရုံးစတင်ဖွဲ့စည်းချိန်ကစတင်ခဲ့ပြီး ဗမာ ပြည်မထက်ရှေးကျသောနိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်သည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့သမားများ နှင့် အမေရိကန်ပရိုတက်စတင့်သာသနာပြုများက ကရင်လူမျိုးများ၏စရိုက်လက္ခဏာကိုမြှင့်တင်ပေးခဲ့သည်။ဗြိတိသျှတို့အတွက် တန်ဖိုးမဖြတ်နိုင်သောအကူအညီများ ကရင်များကပေးခဲ့သည်။ ထို့ပြင်ဗြိတိသျှတို့မြန်မာနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့သော ၃ ကြိမ်စလုံးတွင်လည်းကရင်များကအကူအညီပေးခဲ့ပြီး ၁၈၈၅ တွင် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်နိုင်ခဲ့သည်။
၁၈၁၃ ခုနှစ်တွင် ပထမဆုံးသောသာသနာပြုများရောက်လာခဲ့သည်။ သာသနာပြုတချို့ကတော့ကရင်များသည် အစ္စရေးမျိုးနွယ်စုတစ်စုထဲက ပျောက်ဆုံးသွားသောလူမျိုးစုဖြစ်ပြီးပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု ယုံကြည်ကြသည်။သာသနာပြုများကစာသင်ကျောင်းနှင့်ဆေးရုံများတည်ဆောက်ခဲ့ကြကာကရင်အက္ခရာဖြင့်ရေးသားထားသောမြန်မာနိုင်ငံ၏ပထမဆုံးသောကရင်သတင်းစာကိုထုတ်ဝေခဲ့ကြသည်။ ဗြိတိသျှတို့သည်သွေးခွဲအုပ်ချုပ်ရေးကိုယုံ ကြည်သူများဖြစ်သည်နှင့်အညီတိုးပွားလာသောကရင်ပညာတတ်ခရစ်ယာန်များကို အုပ်ချုပ်ရေးနှင့်စစ်တပ်များ တွင်ထည့်သွင်းလာပြီးဗုဒ္ဓဘာသာကရင် နှင့် ဗမာအများစုကိုသွေးခွဲသပ်လျှိူခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကရင်တို့သည်ဗြိတိသျှတို့နှင့်အတူ ရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့သည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော စစ်ပွဲအဆုံးအဖြတ်ကာလများကိုရည်ညွှန်းပြီး ဖီးလ် မာရှယ် ဝီလ်ယမ်ဆလင်း က “ကရင်တွေတက် လို့ ကျွန်တော်အမိန့်ပေးလိုက်တာနဲ့ ကရင်တွေဟာ ဂျပန်တွေကိုဝံပုလွေတွေလိုပဲခုန်အုပ်ကြတော့တယ် ” ဟု ရေး သားခဲ့သည်။ကရင်မျိုးဆက်သစ်ခေါင်းဆောင်များသည်လည်း ပဋိပက္ခကာလအတွင်းမှာပဲ ပြောက်ကျားစစ်အကြောင်းကို လေ့လာခဲ့ကြသည်။
စစ်ပွဲအတွင်း ကရင် – ဗမာတင်းမာမှုများမြှင့်တက်ခဲ့သည်။ အစပိုင်းတွင် ဂျပန်ဘက်က ရပ်တည်ခဲ့သောဗမာလူမျိုး များဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကထောင်ပေါင်းများစွာသောကရင်လူမျိုးများကို သတ် ဖြတ်ခဲ့ခြင်းနှင့် နေအိမ်များမီးရှို့ခဲ့ခြင်းကိုကရင်လူမျိုးများဘယ်သောအခါမျှမေ့နိုင်မည်မဟုတ်ပေ။
၁၉၄၇ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော်လည်း ကရင်များပါဝင်ခြင်းမရှိခဲ့ပေ။စစ်ပြီးခေတ်တွင်နိုင်ငံတွင်းနေထိုင်ကြသည့် မြောက်မြားစွာသောတိုင်းရင်းသားလူမျိုးစုများကိုဖက်ဒရယ်ပြည်ထောင်စုအဖြစ်ပေါင်းစည်းရန်ကြိုးပမ်းခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ပေ။ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် ၁ နှစ်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံကိုလွတ်လပ် ရေးပေးခဲ့သော်လည်း၎င်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်အနည်းငယ်မျှသာဆောင်ရွက်ပေးခဲ့သောကြောင့် ကရင်လူမျိုးများအပေါ်ဗြိတိသျှတို့ကသစ္စာဖောက်ခဲ့ကြသည်ဟု ကရင်များခံစားခဲ့ရသည်။
၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကရင်လူမျိုးများပုန်ကန်ထကြွခဲ့သည်။ ထိုနေ့ကိုပင်ကရင်တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ပြီး ယနေ့တိုင်ကျင်းပဆဲဖြစ်သည်။ ထိုပုန်ကန်မှုတွင်ကရင်များကနိုင်ငံအနှံ့အပြားကိုသိမ်းပိုက်နိုင် ခဲ့ပြီး ရန်ကုန်မြို့အနီး ၆ ကီလိုမီတာအထိရောက်ရှိခဲ့သည်။ထို့နောက်မှာတော့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသို့ပြန် လည်တွန်းပို့ခြင်းခံခဲ့ရပြီး ကရင်ဘာသာဖြင့်“အမှောင်ထုကင်းဝေးရာမြေ”ဟုခေါ်ဆိုကြသော ကော်သူးလေ ကရင်တို့၏လွတ်မြောက်နိုင်ငံအဖြစ်ကြေညာခဲ့သည်။
ကရင်ပြည်နယ်သည် နိုင်ငံတကာမီးမောင်းထိုးပြခြင်းကဝေးကွာနေပြီး နိုင်ငံခြားအကူအညီမပါဘဲဆယ်စုနှစ်ပေါင်း များစွာ ကြေကွဲစရာဇာတ်ခုံကြီးပေါ်တွင် ကြံ့ကြံ့ခံရပ်တည်ခဲ့သည်။ သို့သော်မြန်မာနိုင်ငံကခွဲထွက်လိုသော ကရင် တို့ဆန္ဒက ဘယ်တုန်းကမှလျှော့ပါးမသွားခဲ့ပါ။
မကြာသေးမီကပင် ကရင်အရေးတက်ကြွလှုပ်ရှားသူ Ashley South ကမြန်မာနိုင်ငံရှိကရင်ကျေးရွာများက ရွာသား များအား ၎င်းတို့နိုင်ငံကမည်သည့်နိုင်ငံဖြစ်ကြောင်းမေးမြန်းမှုများပြုခဲ့သည်။ ထိုအခါမှာတော့ရွာသားများက “ငါတို့ကကော်သူးလေက”ဟုပြန်ပြီးဖြေဆိုကြသည်။ “မြန်မာနိုင်ငံကကော ဘယ်လိုလဲ”ဟုမေးမြန်းရာမှာတော့“အဲဒါက အိမ်နီးချင်းနိုင်ငံပဲ” ဟုပြန်လည်ဖြေဆိုခဲ့ကြသည်။
ဤစာရေးသူသည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းကကရင်လူမျိုးများ၏အကြပ်အတည်းများကိုကိုယ်တိုင်ကြုံခဲ့ ရဖူးပြီး ကရင် –
မြန်မာနယ်စပ်တလျှောက်နှင့် ထိုင်း – မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ကရင်ဒုက္ခသည်ပေါင်း ၇၃၀၀၀ ခိုလှုံနေကြပါသည်။ မြန်မာစစ်သားများ၏သားကောင်ဖြစ်ခဲ့ရသူများကနေအိမ်တွေမှာမီး ရှို့ခံခဲ့ရတဲ့ရွာသားတို့အကြောင်းများအပြင် အသက် ၅ နှစ်အောက်မိန်းကလေးများကိုမြန်မာစစ်သားများက အဓမ္မပြုကျင့်ကြောင်းနှင့် စပါးခင်းများမီးရှို့ဖျက်ဆီးခြင်း ၊ယက်ကန်းစင်နှင့်အိုးခွက်ပန်းကန်များရိုက်ခွဲခြင်း ၊ မိုင်းရှာဖို့အတွက် ချွေးတပ်သားအဖြစ်စုဆောင်းခြင်းစသည့်မြန်မာစစ်တပ်ရက်စက်ကြမ်းကြုတ်မှုများကိုပြောပြခဲ့ကြသည်။ဖြတ်လေးဖြတ်ဟုလူသိများသော အစားအစာ ၊ သတင်းအချက်အလက် ၊ ရံပုံငွေ နှင့် တပ်သားသစ်စုဆောင်းခြင်းများကို ဖြတ်တောက်သောစစ်ဆင်ရေးများကိုလည်းမြန်မာစစ်တပ်ကပြန်လည်အသုံးပြုနေသည်။
၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းရှိမယ်ဟောင်ဆောင်ခရိုင်တွင်တည်ရှိသောဒုက္ခသည်စခန်း ၁ ခုတွင် လုဖုဖောနှင့် အခြားကရင်မိဘမဲ့ကလေး ၅၀ တို့ကကြေကွဲဖွယ်ရာအဖြစ်အပျက်ကိုစပ်ဆိုထားသော ဖြစ်ရပ်မှန် သီချင်းတစ်ပုဒ်သီဆီထားသည်ကိုကြည့်ရှုခဲ့ရသည်။ သီချင်းစာသားများကတော့ “အမေလည်း ကောင်းကင်ဘုံမှာ ၊အဖေလည်းကောင်းကင်ဘုံမှာ။ ငါ့အိမ်ကို ငါဘယ်တော့များမှပြနတွေ့ရပါလိမ့်။ ငါ့မွေးရပ်မြေကိုဘယ်တော့များမှ ပြန်တွေ့ရပါလိမ့်”မြန်မာစစ်တပ်က ကရင်လူမျိုးများအပေါ် တိတ်တဆိတ်ကျူးလွန်ထားသော “လူမသိသူမသိလူမျိူးသုဥ်းသတ်ဖြတ် ခြင်း”ဆိုင်ရာမူဝါဒနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့များကဖော်ပြကြသည်။၎င်းကို စစ်တပ်ကလည်းအတည်ပြု ပြီးဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဗိုလ်ချုပ်တင်ငွေက “နောက် ၃ နှစ်အတွင်း ကရင်တွေကိုတွေ့ချင်ရင် ပြတိုက်တွေမှာသာတွေ့ရတော့မယ်” ဟုပြောခဲ့ဖူးသည်။ဗိုလ်ချုပ်တင်ငွေပြောတာမှားယွင်းခဲ့သော်လည်း ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းများတွင်တိုက်ပွဲများအမြင့်ဆုံးအဆင့်သို့ရောက်ခဲ့သည်။ သို့သော် ၁၉၉၅ ခုနှစ်တွင် KNU ဌာနချုပ်မာနယ်ပလောကျဆုံးခဲ့ရသည်။
မြစ်၂ စင်းနှင့်မြူခိုးများဖုံးလွှမ်းနေသည့်ချောက်ကမ်းပါးများဖြင့်အကာအကွယ်ပေးထားသောမာနယ်ပလောသည် အေးချမ်းသောဒေသဖြစ်သည်။ ၎င်းတွင် သပ်ရပ်သောဘန်ဂလိုများ ၊နိုင်ငံခြားသားများအတွက်တည်းခိုခန်း ၁ ခု ၊ ပန်းများ ၊ရိုးရိုးလက်ဝါးကပ်တိုင်များဖြင့်အလှဆင်ထားသော သင်္ချိုင်းများရှိသည်။ ၁၉၀၈ ခုနှစ်ကတည်ဆောက်ခဲ့သော အမေရိကန်နှစ်ခြင်းဘုရားကျောင်းကဓမ္မတေးများ လွင့်မျောနေတတ်သည်။
သို့သော် မာနယ်ပလောသည် အာရှ၏အေးချမ်းသောအငွေ့အသက်တစ်ခုမဖြစ်ခဲ့ပါ။စစ်တပ်၏ဘာသာရေးသွေးခွဲမှု များကြောင့် DKBA သည် KNU က ခွဲထွက်သွားပြီးနောက်ဆိုးရွားစွာပြိုလဲသွားခဲ့သည်။ နောက်ဆုံးတွင် KNU သည် အဖွဲ့အစည်းကိုဆက်လက်ထိန်းသိမ်းထားရန်ကုန်သည်များထံကအခွန်ကောက်ခံနေရသည့် ထိုင်း-မြန်မာနယ်စပ် ထိန်းချုပ်မှုကို လက်လွှတ်ခဲ့ရသည်။သို့သော်လည်း သာမန်ကရင်များ၏ခံနိုင်ရည်အင်အားဖြင့်ရှင်သန်ရပ်တည်နိုင်ဖို့ရည်ရွယ်ချက်ရှိရှိကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၎င်းတို့စစ်သားများသည်ငှက်ဖျားရောဂါကိုစဥ်ဆက်မပြတ်ခံစားနေ ကြရသော်လည်း လစာနှင့်ရိက္ခာအနည်းအကျဥ်းမျှဖြင့်ရှေ့တန်းတွင်လပေါင်းများစွာကြာသည်အထိ တာဝန်ထမ်း ဆောင်နေကြသည်။
David Eubank သည် Free Burma Rangers အဖွဲ့ကဖြစ်သည်။ Free Burma Rangers အဖွဲ့သည် ကရင်လူမျိုးများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ၁၃ နှစ်ကြာပံ့ပိုးပေးခဲ့သည်။“ လူတိုင်းက KNU ကိုမကြိုက်ပေမယ့် ယေဘုယျအားဖြင့်ကတော့ ကရင်တွေဟာဒီအလံတော်အောက်မှာတရား ဝင်စုရုံးလို့ရတယ်။ KNU နဲ့ တခြားသူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်တွေကမြန်မာနိုင်ငံကိုပြောင်းလဲ သွားစေလိမ့်မယ်လို့ထင်ပါတယ်” ဟုလည်း Eubank ကပြောသည်။
Nikkei Asia တွင်ဖော်ပြထားသော Denis D. Gray ရေးသားသည့် “ No end in sight for Myanmar’s Karen insurgency” ကိုဆီလျော်အောင်ရေးသားသည်။