ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်များ အထိနာသော်လည်း လေယာဥ်ပစ်ကူမလာနိုင်
****************************
သံလွင်ခက်
အောက်တိုဘာ ၂၇ ၊ ၂၀၂၃ ။
“ရှမ်းမြောက်မှာလည်းဖြစ်တယ်။ ကျွန်တော်တို့ဘက်ခြမ်းလည်း ဖြစ်တယ်။ ပတ်ပတ်လည် ဖြစ်တယ်ဆိုတော့ လေယာဥ်ကပိုအထိနာတဲ့ ဘက်ပဲသွားတယ်။ ကျွန်တော်တို့ဘက်မလာဘူး ”
ကော့ကရိတ်တွင် နံနက်အစောပိုင်းကတည်းက တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောက်စီဘက်က အထိနာနေသော်လည်း ညနေ ၄ နာရီကျော်အချိန်ထိ စစ်ကောင်စီဘက်က လေယာဥ်ပစ်ကူများ မရောက်လာသေးတာကို ကျားဖြူစစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ဗိုလ်ပွဲတော်က ပြောသည်။
ယနေ့နံနက်အစောပိုင်း ၅ နာရီအချိန်ဝန်ကျင်းကတည်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အပါအဝင် ကော့ကရိတ်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် ကော့ကရိတ်မြို့ပေါ် ရှိ စရဖရုံး၊ရဲသတင်းတပ်ဖွဲ့၊မြို့တော်ခန်းမ၊တရားရုံးနှင့် အချုပ်ခန်းတို့ကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ထို့ပြင် ကော့ကရိတ်အခြေစိုက် ခလရ ၉၇ တပ်ကို ကာကင်းအဖြစ်ထားသည့် ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ အထိနာဆုတ်ခွာခဲ့၍ ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ပွဲတော်က ပြောသည်။
” ချောင်းဆုံဘုန်းကြီးကျောင်းမှာ သူတို့တပ်စွဲထားတဲ့နေရာကို ကျွန်တော်ဝင်စီးတယ်။ အဲ့မှာ လက်နက်တော့မရဘူး။ ၆၀ ဗုံးသီးတို့ ၁၆ ကျည်တို့ အီနာဂါတို့တော့ သိမ်းဆည်းရမိတယ်ပေါ့နော်။ ချောင်းဆုံအဖွဲ့က ပြန်ဆုတ်သွားပြီ “ဟု ၎င်းကပြောသည်။
အဆိုပါ ချောင်းဆုံနေရာသည် ကော့ကရိတ်မြို့ပြင်နေရာအနီးဖြစ်ပြီး ပူးပေါင်းများက ထိုနေရာအပါအဝင် မြို့ထဲနေရာများ၌ နေရာယူထားနိုင်ကာ တိုက်ပွဲများဆက်ဖြစ်နေဆဲဖြစ်သည်ဟု ဗိုလ်ပွဲတော်က ညနေ ၄ နာရီကျော်အချိန်၌ ပြောသည်။
” လေယာဥ်တော့တက်ပြီ၊ တက်ပြီ သူများတွေ ပြောတယ်။ ဒါပေမယ့်ကျွန်တော်တို့ဆီ မရောက်ဘူး။ ရှမ်းမြောက်ဘက်သွားတာထင်တယ်။ အခုက တခြားနေရာမှာလည်း ဖြစ်နေတော့ ဒီပွဲက တခြားပွဲဲနဲ့နှိုင်းရင် သက်သာတာပေါ့ ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကော့ကရိတ်မြို့တွင်း၌ ခလရ ၉၇ တပ်၊ မြို့မရဲစခန်း ၊ ပြည်သူ့ဆေးရုံကုန်းစသည့်နေရာများနှင့် ခလရ ၉၇ ကာကင်း အမှတ် ၃ နေရာများတွင်သာ ရှိတော့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။
” ဟိုရက်ပိုင်းက တပ်ရင်းမှူးကျတယ်။ အခုလည်း တပ်ကြပ်ကြီးကျပြီး ထိခိုက်တာတွေ များတော့ စစ်ကူတွေမလာသေးလို့ဆိုပြီး ဟိုဘက်ရပ်ကွက်မှာ လောင်နေကြတာ မြင်မကောင်းဘူး ” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည် ။
ကော့ကရိတ်မြို့တွင်းကို ထိုးစစ်ဆင်နေသည့် တိုက်ပွဲကို ကော်ဘရာနှင့် ကျားသစ်နက် စစ်ကြောင်းများကလည်း စစ်ကူများသွားရောက်နေသည်ဟု ကော်ဘရာစစ်ကြောင်း ရဲဘော်တစ်ဦးက ပြောသည်။
ဓာတ်ပုံ ပေးပို့ ။
ပုံစာ -ချောင်းဆုံဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2226
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5966