ကော့ကရိတ်မြို့ပေါ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ နှစ်ဖက်ကျဆုံးမှုရှိ
***********************************
သံလွင်ခက်
အောက်တိုဘာ ၂၈ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်၌ ယနေ့တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိနေသည်ဟု ပူးပေါင်းစစ်ကြောင်းများနှင့်နီးစပ်သည့် ဒေသခံများထံမှသိရသည် ။
ကော့ကရိတ်မြို့အပါအဝင် ကော့ကရိတ်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ယမန်နေ့၌ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
” အခုနေ့လည်းပိုင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဟိုဘက်က သေတာရော၊အရှင်ဖမ်းမိတာရောရှိတယ်။ ကိုယ့်ဘက်ကလည်း ကလေးတွေကျတာ ရှိတယ် “ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည် ။
ကော့ကရိတ်မြို့နှင့် မြို့အနီး၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ တပ်ဆုတ်ခွာမှုများရှိခဲ့ပြီး ခဲယမ်း၊ ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ပွဲတော်က ယမန်နေ့ညနေပိုင်း၌ ပြောသည်။
ထို့ပြင် ပူးပေါင်းတပ်များက မြို့ပေါ်တွင် နေရာယူထားပြီး ကျန်ရှိသည့် စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ဆက်လက်တိုက်ခိုက်မည်ဟုလည်း ယမန်နေ့တွင် ပြောဆိုထားသည်။
လက်ရှိကော့ကရိတ်တိုက်ပွဲများအတွင်း၌ နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှုများရှိနေသလို စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတချို့လည်း ထိခိုက်မှုများရှိနေသည်ဟု သိရသည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2234
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5970