မိခိုင်၊ သံလွင်ခက်
အောက်တိုဘာ ၂၄၊ ၂၀၂၃။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒါးလက်ချောင်းတလျှောက်ဒေသများတွင် ကုန်စျေးနှုန်းဆက်လက်မြင့်တက် လျက်ရှိနေပြီး လက်လုပ်လက်စားများအနေဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပလက်၀မြို့နယ်၊ ဒါးလက်ချောင်းအုပ်စုရှိ လူဦးရေ ၃၀၀၀၀ ခန့်မှာ အဓိကအားဖြင့် လက်လုပ်လက်စားနှင့် စစ်ရှောင်များဖြစ်ကြပြီး စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။
ပလက်ဝဒေသခံ ၁ ဦးက “ပလက်ဝမှာ ကုန်စျေးနှုန်းက တက်ပြီးရင် ပြန်ကျလာတယ်ဆိုတာ မရှိပါဘူး။ စျေးက အရင်ကထက် ထပ်တက်လာတာပဲ ရှိတယ်။ လက်လုပ်လက်စားတွေများတော့ စားဝတ်နေရေးဖူလုံဖို့က ပိုဝေး သွားတာပေါ့” ဟု ဆိုသည်။
ပလက်ဝတွင် စစ်ဘေးရှောင်စခန်း ၅ ခုအထိရှိပြီး စစ်ဘေးရှောင်အများစုမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး သည့်အပြင် ထောက်ပံ့ကြေးလည်း ပုံမှန်မရရှိသည့်အတွက် အခက်အခဲများရှိနေကြခြင်းဖြစ်သည်။
ဘောလုံးကွင်း စစ်ရှောင်တစ်ဦးက ” ၁ ရက်လုပ်လို့ ငွေ ၁၀၀၀၀ မရဘူး။ အများဆုံးက ၆၀၀၀ လောက်ပဲ ရတယ်။ ငွေ ၁၀၀၀၀ နဲ့ စျေးသွားလိုက်ရင် အသားဝယ်လို့မရဘူး။ ငါး ၁၅ ကျပ်သားကို ၄၀၀၀လောက်ရှိတယ် ” ဟု ပြောသည်။
ပလက်ဝတွင် ဆန်စျေးနှုန်းမှာ ဆန်ကြမ်း ၁ အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ၊ ပေါ်ဆန်မွှေး ၁ အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ရှိပြီး ဆီ ၁ လီတာကို ငွေကျပ် ၉၀၀၀ ခန့်အထိပေါက်သည်။
တိုက်ပွဲများဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA အဖွဲ့တို့အကြား လူသားချင်းစာနာ ထောက် ထားသည့်အနေဖြင့် ပြီးခဲ့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစတင်၍ အပစ်ရပ်စဲခဲ့သော်လည်း ပလက်ဝမှာမူ သွား ရေးလာရေးအတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိနေပြီး နှစ်ဘက်လက်နက်ကိုင်တပ်များကလည်း နေရာအများအပြားတွင် တပ်စွဲလျက်ရှိနေသေးကြောင်း ဒေသခံများကဆိုသည်။
ယင်းအပြင် တပ်ဂိတ်များတွင်လည်း စစ်ဆေးမှုများရှိနေသည့်အတွက် စားနပ်ရိက္ခာထောက်ပံ့ရေး အခက်ကြုံနေ ကြရကြောင်း ဒေသခံများက ဆိုသည်။ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျောက်တော် – ပလက်ဝ ရေလမ်းကြောင်းတွင်လည်း စစ်တပ်ကစစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဆန်သယ်ယူရာတွင် ကန့်သတ်မှု များ ဆက်ရှိနေသည်ဟု စိုက်ပျိုးရေး စစ်ရှောင်စခန်းက စစ်ဘေးရှောင်က ဆိုသည်။
” သဘောကတော့ တစ်ပတ်မှာ ၃ ရက်လောက် ပုံမှန်သွားတာရှိတယ်။ ဒါပေမဲ့ အစစ်အဆေးက ရှိနေတုန်းပါပဲ။ ပလက်၀ဘက်က တပ်ရင်း – ၂၈၉ က စစ်တယ်။ ကျောက်တော်တပ်မကလည်း စစ်တာရှိတယ်။ အစစ်အဆေး ကတော့ နည်းသွားပေမယ့် လွတ်လွတ်လပ်လပ်တော့ မဖြစ်သေးဘူး ” ဟု ၎င်းကဆိုသည်။
ပလက်ဝတွင် ကုန်စျေးနှုန်းမြင့်တက်ခြင်းကို အစိုးရက ထိန်းညှိပေးသင့်ကြောင်း စစ်ဘေးရှောင်များက ယူဆနေကြသည်။
ပလက်ဝတွင် စစ်ကောင်စီတပ်နှင့် AA ကြား တိုက်ပွဲများကြောင့် စစ်ရှောင်သောင်းနှင့်ချီရှိနေပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်းလည်း သိရသည်။
Photo: Paletwa Natural Beauty’s Facebook Page