ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်တွင် တရုတ်နိုင်ငံ၏ ကြီးမားသော အင်တာနက်ဆင်ဆာစနစ်ကြီး၏ လျှို့ဝှက်ချက်များ ထွက်ပေါ်လာခဲ့ရာ အဆိုပါပေါက်ကြားမှုသည် မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့် အချက်အလက်များကို ဖော်ထုတ်ပေးလိုက်သည်။
တရုတ်နိုင်ငံ၏ နာမည်ကျော် “Great Firewall” ဟုခေါ်သော အင်တာနက်ထိန်းချုပ်ရေးစနစ်ကြီးကို တည်ဆောက်ပုံ၊ ထိန်းသိမ်းပုံ အပါအဝင် အတွင်းပိုင်းစာရွက်စာတမ်းများ၊ ကုဒ်များနှင့် လုပ်ငန်းမှတ်တမ်းများသည် ၅၀၀ ဂစ်ဂါဘိုက်ကျော်အထိ အွန်လိုင်းတွင် ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။
စနစ်၏ ဖြန့်ကျက်မှုမှတ်တမ်းတစ်ခုအရ မြန်မာနိုင်ငံရှိ ဒေတာစင်တာ ၂၆ ခုတွင် တပ်ဆင်ထားပြီး တပြိုင်နက်တည်း အသုံးပြုနေသော အင်တာနက်ချိတ်ဆက်သုံးစွဲမှု ၈၁ သန်းကို စောင့်ကြည့်နိုင်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီများတွင် အဆိုပါစနစ်ကို တပ်ဆင်လည်ပတ်ခဲ့ပြီး နိုင်ငံ၏ အင်တာနက်ဆက်ကြောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် အာဏာပိုင်များက အင်တာနက်အသွားအလာကို အကြီးအကျယ် ပိတ်ဆို့ခြင်း၊ စစ်ထုတ်ခြင်းတို့ ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် တရုတ်နိုင်ငံသည် ၎င်း၏ ဆင်ဆာကိရိယာများကို ပါကစ္စတန်၊ အီသီယိုးပီးယားနှင့် ကာဇက်စတန်တို့လို အခြားနိုင်ငံများသို့လည်း ရောင်းချခဲ့ကြောင်း စာရွက်စာတမ်းများမှတစ်ဆင့် ထပ်မံသိရသည်။ ထိုသို့ တင်ပို့ရောင်းချမှုများသည် တရုတ်၏ ဆင်ဆာနည်းပညာများ ပြည်တွင်း၌သာမကဘဲ ပြည်ပနိုင်ငံများတွင်ပါ ပြည်သူများ၏ အွန်လိုင်းလှုပ်ရှားမှုများကို ထိန်းချုပ်စောင့်ကြည့်ရန်အတွက် အသုံးချခံနေရကြောင်း ဖော်ပြနေသည်။
ပေါက်ကြားမှုများသည် မြန်မာနိုင်ငံတွင် အင်တာနက်ကို မည်သို့ထိန်းချုပ်နေကြောင်းကို ပိုမိုနားလည်နိုင်စေရန်နှင့် နောင်အနာဂတ်တွင် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းသစ်များ ရှာဖွေနိုင်ရန် အရေးပါသော အချက်အလက်များ ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ပုံစာ – တရုတ်နိုင်ငံ မဟာတံတိုင်းကြီး (Getty Images)
#တရုတ်၏ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ် #မြန်မာကိုပံ့ပိုး #ပေါက်ကြား #ThanLwinKhetNews