ခင်သရဖီဦး
အာရက္ခဒေသအတွင်း ပြည်သူများ လက်ဝယ်ရောက်ရှိနေသည့် လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို ၄၅ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးရုံများတွင် လာရောက် အပ်နှံရမည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး အသိပေးဆိုင်ပုဒ်များဖြင့် ထုတ်ပြန်ထားသည်။
ပြည်သူများထံတွင် ရောက်ရှိနေပြီး အသက်အန္တရာယ် ဖြစ်စေနိုင်သည့် သေနတ်၊ လေသေနတ်၊ တူမီး၊ ယမ်းထောင် အပါအဝင် ဆက်စပ်လက်နက်ခဲယမ်းများနှင့် RT စကားပြောစက်များကို လုံခြုံရေး နှင့် ဥပဒေကြောင်းအရ သိမ်းဆည်းရခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
” လုံခြုံရေး အဖွဲ့အစည်းတွေသာ အသုံးပြုလို့ရပြီး အစိုးရက ခွင့်ပြုချက်မရှိရင် အဲဒီပစ္စည်းတွေကို သုံးလို့မရတဲ့ဟာတွေက ပြည်သူလူထု ကြားထဲမှာ ရှိနေတယ်။ နောက်ပြီးတော့ အဲဒါတွေက တရားမဝင်ရှိနေတာကြောင်း ဥပဒေကြောင်းရ ပြောရမယ်ဆိုရင်တော့ သိမ်းရပါမယ်။ ဒါပေမဲ့ အဲဒါတွေကို အရင် အရေးယူတာတွေ မလုပ်ဘဲနဲ့ ကိုယ့်မှာရှိရင် လာပေးဖို့ အပ်လာကြဖို့ အသိပေးထားတာဖြစ်ပါတယ်။ ” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ ” ဝါကီတော်ကီတွေဆိုတာက လုံခြုံရေး အဖွဲ့အစည်းတွေသာ အသုံးပြုခွင့်ရှိတယ်။ ပုဂ္ဂလိက သုံးမယ်ဆိုရင်လည်း အစိုးရကနေပြီးတော့ တရာဝင် မှတ်ပုံတင် (Register) ပြီးတော့ ခွင့်ပြုချက် ရှိမှ သုံးလို့ ရတာဖြစ်ပါတယ်။ ” ဟု ဆိုသည်။
ဒေသခံတချို့သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အချိန်ပြည့် မရခြင်းကြောင့် ဆက်သွယ်ရေးကိစ္စများ အတွက်သာ အဆိုပါ စကားပြောစက်များကို အသုံးပြုကြခြင်း ဖြစ်သည်။
ထိုကြောင့် AT စကားပြောစက်များအား အေအေ ထံတွင် ပြန်အပ်နှံရန်အတွက် အခက်အခဲရှိသည်ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
”ကျွန်မတို့ သုံးတာ တော်တော်များများက မိသားစုကိစ္စလောက်ပဲ သုံးကြတာပါ။ ဖုန်းလိုင်း အင်တာနက်လိုင်း မရတာတွေ့ရှိတော့ အပြင်ကို တခုခုနဲ့ သွားရင် မိသားစုတွေကလည်း စိတ်ပူကြတယ်လေ။ အဲဒါသုံးနေတော့ အဆက်အသွယ်တစ်ခု ရနေတယ်ပေါ့လေ၊ ဈေးမှာနေရင် အိမ်မှာ တစ်ခုခု မေ့ကျန်လိုရှိရင် အချိန်မကုန်တာ၊ နောက် ဆိုင်ကယ်ဆီကလည်း သက်သာတယ်။ အဲဒါကြောင့် သုံးတာပါ။ တခြားစီးပွားရေး အကြီးအကျယ် လုပ်နေတာမျိုးလည်း မဟုတ်ပါဘူး။ အဲဒါလောက်တော့ ခွင့်ပြုသင့်တယ်လို ထင်ပါတယ် ” ဟု ဆိုသည်။
AA က အဆိုပါ လုံခြုံရေးဆိုင်ရာ ပစ္စည်းများအား ယခု ထုတ်ပြန်ကြေညာပြီး ၄၅ ရက် အတွင်း လာရောက်အပ်နှံရန် တိုက်တွန်းထားပြီး ယင်းနောက်ပိုင်း အသုံးပြုနေခြင်းများ တွေ့ရှိရပါက အရေးယူသွားမည်ဟု ဆိုသည်။