ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်အပါအဝင် မြန်မာ ၅၃ ဦးသည် ကန်ချနပူရီတွင် ယနေ့ နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည်ဟု Khaosod သတင်းဌာနတွင် ဖော်ပြသည်။
ဖမ်းဆီးရမိသူ အရွယ်ရောက်ပြီးသူများထဲတွင် အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်သည်။ အဆိုပါ ဖမ်းဆီခံရသူအားလုံးသည် ရန်ကုန်မြို့မှ ထွက်ခွာလာကြခြင်းဖြစ်ပြီး ဆန်ခလပူရီခရိုင်၊ ဘန့်ဘိုယီပွန်ရှိ သဘာဝတောလမ်းများမှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့သည် ကုန်းကြောင်း၊ ရေကြောင်း သဘာဝတောလမ်းကြောင်းနှစ်ခုစလုံးမှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး အယုဒ္ဓယနှင့် ဆူရတ်ဌာနီတို့တွင် အလုပ်လုပ်ရန် ရည်ရွယ်ထားသူများဖြစ်သည်။ ထိုသို့ အလုပ်လုပ်သည့် နေရာရောက်ရန်အတွက် ပွဲစားများကို တစ်ဦး ဘတ် ၁၅,၀၀၀ မှ ၁၈,၀၀၀ အထိ ပေးချေရမည်ဟု သိရသည်။
ဖမ်းဆီးခံရသူအားလုံးကို ကား လေးစီးဖြင့် ပြွတ်သိပ်ထည့်သွင်း သယ်ဆောင်လာခြင်းဖြစ်သည်။ ယာဉ်မောင်း လေးဦးစလုံးက မြို့နယ်ထဲကို ဦးတည်မောင်းနှင်ထွက်ပြေးခဲ့သော်လည်း အာဏာပိုင်များက ယာဉ် သုံးစီးကိုသာ ဖမ်းဆည်းနိုင်ခဲ့ပြီူ ဖမ်းမိထားသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ထောင်းဖဖုမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။