ခင်သရဖီဦး
ရခိုင်ပြည်၊ကျောက်ဖြုူမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကော်မရှင်၏ ရေတပ်မှ အနီးအနား ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်၍ ၃နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင် အမျိုးသားတစ်ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညအချိန် ၇ နာရီကျော်ခန့်တွင် မင်းရပ်တိုက်နယ်၊ ကျောက်ပြောက်ကျေးရွာအနီးက ပင်လယ်ပြင်တွင် ရပ်ထားသည့် စစ်သင်္ဘောမှ ကျောက်ပြောက် ကျေးရွာအတွင်းသို့ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့သည်။
အဆိုပါ လက်နက်ကြီးကြောင့် နေအိမ်တချို့ ပျက်စီးသွားပြီး ကလေးငယ်တစ်ဦး ထိခိုက်သွားခြင်းဖြစ်သည်ဟု အသက် ၂၅ နှစ်အရွယ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။
” နေ့ခင်းကတည်းက လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေတာပါ။ ညနေဖက်လောက်မှာ ရွာနားကို ကျတယ်။ အိမ်တွေမှာ အစတွေ လာကျတာကြောင့် ပျက်စီးသွားတာ။ ကလေးငယ်မှာလည်း ခြေထောက်တစ်ဖက်မှာ လက်နက်ကြီးစ ထိသွားတယ်။” ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း ငအုပ်ကျေးရွာနှင့် ဝမျှောင်ကျေးရွာကြားတွင် တပ်စွဲချထားသည့် စစ်ကော်မရှင် ရေတပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် လက်နက်ကြီးတစ်လုံး ကျရောက်၍ အသက် (၈၆)နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်သွားခဲ့ဟု ၎င်းက ဆိုသည်။
” သူအိမ်နားကို ရေတပ်က ပစ်တဲ့ လက်နက်ကြီး တစ်လုံးကျလာတယ်။ အဲဒီမှာ အိမ်ကလည်း ပျက်စီးသွားပြီးတော့ အဲဒီ ဦးလေးကလည်း ခန္ဓာကိုယ်မှာ ထိခိုက်သွားတာတွေရှိတယ်။ သူကတော့ ဒဏ်ရာပြင်းထန်တယ်။ ” ဟု ဆိုသည်။
ကျောက်ဖြူတွင် စစ်ကော်မရှင်မှ စစ်အင်းအား ဖြည့်တင်းခြင်းအပြင် ရေတပ်မှ လက်နက်ကြီးများဖြင့်လှမ်း၍ ပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ မကြာခဏ ထိခိုက်သေဆုံးမှုများ မြင့်တက်နေခြင်းဖြစ်သည်။
#ကျောက်ဖြူ #လက်နက်ကြီးကျ #ThanLwinKhetNews