

ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် အောက်တိုဘာ ၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသူ ကလေး ငါး ဦး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားသည်။
ထိုသို့ ဗုံးကြဲချခဲ့ခြင်းကြောင့် သေဆုံးသူကလေးငယ်များသည် အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ်ခန့်သာ ရှိသေးသည့် အရွယ်မရောက်သေးသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဘီးလင်းမြို့နယ် ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ ပျဉ်းမပင်ဆိပ်ကျေးရွာအနောက်ဘက်ခြမ်း ကဘောယူပလော နေရာအတွင်းသို့ အောက်တိုဘာလ ၉ ရက် ည ၈ နာရီကျော်တွင် စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဗုံးကြဲချခဲ့ခြင်းကြောင့် ဒေသခံ ၁၀ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ် ၁၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရကာ မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးခဲ့သည်ဟု သိရသည်။
စစ်တပ်သည့် ရွေးကောက်ပွဲကျင်းပမည့် ရက်အား ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများတွင် နေထိုင်သည့် ဒေသခံများအား ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည့်ဟု KNU မှ ထုတ်ပြန်သည်။
ထိုသို့ စစ်တပ်မှ ဒေသခံများအား ဗုံးကြဲတိုက်ခိုက်နေခြင်းများကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန်မှုများဖြင့် နေထိုင်နေရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
#ကြသောင်းဆိပ်ကျေးရွာ #ဗုံးကြဲခံရ #ThanLwinKhetNews

