ပြီးခဲ့သည့် စက်တင်ဘာလ တစ်လလုံးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံ အနှံ့မှ အမျိုးသမီး ၄၇ ဦး သေဆုံးသွားခဲ့သည်ဟု မြန်မာအမျိုးသမီးများသမဂ္ဂ BWU မှ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်သည် စက်တင်ဘာလ အတွင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခု သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါဝင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စက်တင်ဘာလ တစ်လတည်းတွင် ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၆ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ဦးအထိ ရှိခဲ့သည်ဟု BWU ၏ စာရင်းများတွင် ဖော်ပြထားသည်။
စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးသူ ငါးဦးအထိ ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးအထိ ရှိသည်ဟု သိရသည်။
ထို့အပြင် စစ်တပ်၏ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရသူ လေး ဦးရှိပြီး ကျည်ထိမှန်သေဆုံးသူ တစ်ဦးရှိကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် သေဆုံးသူ တစ် ဦးရှိပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးအထိရှိသည်ဟု သိရသည်။
ယင်းသို့ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများထဲတွင် စစ်ကိုင်းတိုင်းတွင် သေဆုံးမှု အမြင့်မားဆုံးဖြစ်ပြီး တစ်လတည်းတွင် ၁၈ ဦးအထိ သေဆုံးခဲ့သည်။ မန္တလေးတိုင်းတွင်လည်း ၁၂ ဦး သေဆုံးခဲ့ပြီး ကချင်ပြည်နယ်တွင်လ်း ၆ ဦးသေဆုံးခဲ့သည်ဟု BWU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်အထိ ငါးနှစ်နီးပါး အတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ဦးရေ ၇၃၀၀ ကျော်အထိ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှု အသင်း AAPP မှ ထုတ်ပြန်ထားသည်။
#စစ်တပ် #BWU #အမျိုးသမီး၅၀ခန့်သေဆုံး #ThanLwinKhetNews