ညီညီသူ
အောက်တိုဘာ ၈၊ ၂၀၂၃။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကာလအတွင်းက နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ် အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး လွှတ်တော်တွင်ရွေးကောက်တင် မြှောက်ခံရပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံအနေဖြင့်ပြန်လည်ဝင်ဆံ့လာခဲ့ပြီး ခရီးသွားလုပ် ငန်းများပြန်လည်ဦးမော့လာရန်
အရှိန်ရလာခဲ့သည်။ စစ်အုပ်ချုပ်ရေးစနစ်အောက် ကာလရှည်ကြာတံခါးပိတ်နိုင်ငံ ဖြစ်ခဲ့သော အရှေ့တောင်အာရှ၏နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ သည်။ သို့သော် မြန်မာပြည်သူများမျှော်လင့်ခဲ့ရသော ခရီးသွားအရုဏ်ဦး ကာလများ ယနေ့တွင်တော့ နိဋ္ဌိတံ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး မက်ခဲ့ရသောအိပ်မက်များ တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့ပါပြီ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်ကအာဏာသိမ်းပြီး ၉ လခန့်အကြာ နိုဝင်ဘာလတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများစတင်နိုင်ရန် ကြိုးစားလာခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့ သည့် ဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော်လှန်ရေးများကြောင့် ခရီးသွားရာသီရောက်နေခဲ့သော်လည်း ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ရန်က မသေချာ မရေရာမှုများနှင့်သာ ပြည့်နှက်နေပါသေးသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်ကကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၃ ခုနှစ် ပထမ ၇ လတာကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတကာခရီးသွားဧည့်သည်ပေါင်း ၆ သိန်းကျော်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၆ ဆတိုးလာခဲ့သည် ဟုဆိုသည်။
ကိုမျိုးမြင့်ဝေ (အမည်လွှဲ) သည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တစ်မြို့နယ်တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ခရီးသွား လုပ်ငန်းလုပ်ကိုင်လာခဲ့သည်မှာလည်း နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ကိုဗစ်ကာလတုန်းကတော့ ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းအပေါ် ကိုမျိုးမြင့်ဝေ တစ်ယောက်မျှော်လင့်ချက်ထားခဲ့သည်။ သို့သော် ကိုဗစ်ကာလလွန်အချိန် များပင်မရောက်လိုက်ရဘဲ
စစ်အာဏာသိမ်းမှုနှင့် ကိုမျိုးမြင့်ဝေ ကြုံခဲ့ရလေတော့သည်။ ၎င်းက –
” ခရီးသွားလုပ်ငန်းက ကိုဗစ်နဲ့ စစ်ကောင်စီကာလတလျှောက်လုံး ဧည့်သည်လာရောက်လည်ပတ်မှု လျော့နည်း သွားတယ်။ ခရီးသွားလုပ်ငန်း အတက်ဘက်ပြနေလား အကျဘက်ပြနေလားဆိုရင် ပြည်တွင်းခရီးသွားကုမ္ပဏီ၊ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ ပြည်ပဆိုက်ရောက်လေဆိပ် ဧည့်သည်အဝင်အထွက်၊ ကားအငှားလုပ်ငန်း၊ ခရီး သွားဧည့်လမ်းညွှန်တွေနဲ့
တခြားသောခရီးသွားဝန်ဆောင်မှုပေးသူတွေရဲ့ ပကတိအခြေအနေကိုကြည့်ရင် ကိုဗစ် မတိုင်ခင်ကာလတွေလောက် ဧည့်သည်မလာတော့တာ အသေအချာပဲ ”
မြေပြင်တွင် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး၏စကားများက စစ်ကောင်စီခေါင်းဆောင်၏ပြောကြားချက် များနှင့် များစွာကွာခြားနေပါသည်။ ထို့ကြောင့် စစ်ကောင်စီခေါင်းဆောင်၏ပြောကြားချက်ကို အမှားတစ်ခုအနေ ဖြင့်သာ ယူဆရန်ရှိပါတော့သည်။
ခရီးသွားလုပ်ငန်းများစတင်နိုင်ရန် အဓိကလိုအပ်ချက်က လုံခြုံစိတ်ချရမှုဖြစ်သည်။ ဧည့်သည်များ ယုံကြည်စိတ်ချ စွာဖြင့် မိမိတို့နိုင်ငံအတွင်း ဝင်ရောက်နိုင်မှသာလျှင် နိုင်ငံတကာခရီးသွားများ ဝင်ရောက်လာကြမည်ဖြစ်သည်။ စစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရန် ပြည်ဝင်ခွင့်ဗီဇာနှင့် ကျန်းမာရေး ကန့်သတ်ချက်များအပါအဝင် အခြားသောကန့်သတ်ချက်များဖြေလျှော့ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိနေ သည်။ သို့သော် ပြည်တွင်းမငြိမ်သက်မှုများ၊ လူမှုမငြိမ်သက်မှုများ၊ မြေမြှုပ်မိုင်းအန္တရာယ်နှင့် လက်နက်ခဲယမ်းများ ကြောင့် မြန်မာနိုင်ငံသို့ခရီးသွားခြင်းက အန္တရာယ်ရှိမှု အမြင့်မားဆုံးအဆင့်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု က ကြေညာထားသည်။
မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်လျက်ရှိသော အကြောင်းအချက်ပေါင်းများစွာရှိနေပါသည်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရသောပြဿနာများတွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲ များသာလျှင် မဟုတ်ပါ။ ရှမ်း၊ ကရင် နှင့် အခြားသောဒေသများ၌တွင်ကျယ်လာသည့် တရားမဝင်ကျားဖြန့်လုပ်ငန်း များနှင့် လူကုန်ကူးလုပ်ငန်းများသည်လည်း နိုင်ငံတကာခရီးသွားများအတွက် ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။ ကျားဖြန့်ဆိုသည်က အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်ပြီး အဆိုပါလုပ်ငန်းများအတွက် လူကုန်ကူးခံနေရသူများတွင် မြန်မာလူငယ်များသာမက ဒေသတွင်းအိမ်နီးချင်းနိုင်ငံသားများအပြင် အာဖရိကနိုင်ငံများကလူငယ်များလည်း ပါ ဝင်နေပြီး အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရပါသည်။
တစ်ချိန်တုန်းကတော့ အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ထိပ်တန်းစာရင်းဝင်နိုင်ငံ များစာရင်းတွင်ပါဝင်ခဲ့သည်။ သို့သော် အရှေ့တောင်အာရှတွင်
အာဏာရှင်အစိုးရများထွန်းကားလာခြင်းနှင့် တရား မဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံနေရသဖြင့် နိုင်ငံတကာခရီးသွားများအပြင် အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်း၏
အဓိကဈေးကွက်ကြီးဖြစ်သော တရုတ်ခရီးသွားများပင် လာရောက်လည်ပတ်မှုကျဆင်းလာခဲ့ သည်။ အဓိကအားဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဖြစ်သည်။
ကပ်ရောဂါလွန်ကာလ ခရီးသွားလုပ်ငန်းများ ပြန်လည်နလန်ထူရန်ကြိုးပမ်းမှုတွင် တရုတ်နှင့် ခိုင်မာသည့်ဆက်ဆံ ရေးရှိသော မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့က တရုတ်ခရီးသွားများအား
ပစ်မှတ်ထားပြီး ဆွဲဆောင်မှုများဆောင်ရွက်ခဲ့ ကြသည်။ သို့သော် အဆိုပါနိုင်ငံများ၌ ရာဇဝတ်မှုများနှင့် အန္တရာယ်ရှိမှုများကြောင့် တရုတ်ခရီးသွားများ လာရောက် လည်ပတ်ရန်ဆိုသည်က ယခုတွင် မဖြစ်နိုင်တော့ပါ။
မြန်မာနိုင်ငံသည် ပြီးခဲ့သောဧပြီလတွင် နိုင်ငံတကာစီးပွားရေးလေကြောင်းလိုင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တရုတ်ခရီးသွားများဝင်ရောက်မှုအပေါ် မျှော်လင့်ချက်ထားခဲ့သော်လည်း
ခရီးသွားဝင်ရောက်မှုနည်းပါးလာသည့် ပြဿနာနှင့်ရင်ဆိုင်နေရသည်။ ပြီးခဲ့သောဇူလိုင်လက ဂျီလင်းပြည်နယ်နှင့် စစ်ကောင်စီတာဝန်ရှိသူများကြား လက်မှတ်ရေးထိုးခဲ့သော
နားလည်မှုစာချွန်လွှာကတဆင့် ခရီးသွားနေရာဒေသများမြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းလာစေရန် ကတိပြုခဲ့ကြသည်။
ကိုဗစ်ကြောင့် ၃ နှစ်ကြာကန့်သတ်ထားခဲ့သည့် ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်အများစုကို ဘေကျင်းက ပြီးခဲ့သောဒီဇင်ဘာလတွင်ဖယ်ရှားပေးခဲ့သဖြင့် ဖေဖော်ဝါရီလကစပြီး တရုတ်နိုင်ငံကအဖွဲ့လိုက်ခရီးသွားများ နိုင်ငံ အချို့သို့ ခရီးများပြန်လည်စတင်ခဲ့သည်။ ခရီးသွားအေဂျင်စီများအနေဖြင့် အမေရိကန်၊ ဩစတြေးလျ၊ တောင်ကိုရီး ယားနှင့် ဂျပန်ကဲ့သို့သော အဓိကခရီးသွားဈေးကွက်များအပါအဝင် နောက်ထပ်နေရာ ၇၈ ခုသို့ အုပ်စုလိုက်ခရီးသွား များအတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးခဲ့ရသည်။ သို့သော် ယင်းကဲ့သို့ဆောင်ရွက်ပေးနေရမှုတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ မပါဝင်ပါ။
တရုတ်အင်တာနက်များပေါ်တွင် ဂျီလင်း – မြန်မာနားလည်မှုစာချွန်လွှာနှင့်ပတ်သက်သော ဗီဒီယိုရာပေါင်းများစွာ ရှိနေပြီး ထောင်နှင့်ချီသောမှတ်ချက်များလည်းရှိနေပါသည်။ ထိုမှတ်ချက်များကိုကြည့်လျှင် လူအများစု၏မှတ်ချက် က အနုတ်သဘောဆောင်နေသည်ကိုတွေ့ရလိမ့်မည်။ မှတ်ချက်တစ်ခုတွင် –
” မြန်မာနိုင်ငံကအရာရှိတွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ဂျီလင်းအရာရှိတွေအတွက်တော့ ရှက်စရာပါပဲ။ ဂျီလင်း ပြည်နယ်ကပြည်သူတွေ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ဖို့တောင်းဆိုမှုကို တွန်းလှန်သင့်တယ် ” ဟု ဒေါသ တကြီး တုံ့ပြန်ထားကြောင်း The China Project တွင် ဖော်ပြထားပါသည်။
စစ်ကောင်စီကပစ်မှတ်ထားနေသော ဂျီလင်းပြည်နယ်သည် တရုတ်နိုင်ငံ၏အရှေ့မြောက်ပိုင်းတွင်ရှိပြီး လူဦးရေ ၂၃ ဒဿမ ၄ သန်းရှိသည်။ ကိုဗစ်မဖြစ်ပွားမီကာလများ၌ ကမ္ဘာ့ခရီးသွားအများဆုံးတွင် တရုတ်ခရီးသွားများလည်းပါဝင်လာခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွားများသည် နိုင်ငံရပ်ခြားတွင် ဒေါ်လာ ၂၂၅ ဘီလီယံအထိသုံးစွဲခဲ့သည်။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်မည့် တရုတ်ခရီးသွားများ၏ အဓိကစိုးရိမ်သောကမှာ လူကုန်ကူး မှုဖြစ်သည်။ နိုင်ငံတကာသတင်းမီဒီယာများ၏ခေါင်းကြီးပိုင်းတွင်လည်း အဆိုပါနိုင်ငံ ၂ နိုင်ငံအတွင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းများအကြောင်းနှင့် လူကုန်ကူးမှုသတင်းများကို ပုံမှန်ဖော်ပြနေကြသည်။ လုပ်ခလစာများပြားလွန်း သောကြော်ငြာများ၏ သွေးဆောင်မှုများကြောင့် တရုတ်လူငယ်ထောင်ချီ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ များသို့ခရီးသွားရန်လှည့်စားခံခဲ့ရပြီး နောက်ဆုံးမှာတော့ လူကုန်ကူးခံလိုက်ရတော့သည်။
တရုတ်ခရီးသွားများ၏ကြောက်စိတ်ကို နောက်ထပ်အားဖြည့်ပေးလိုက်သည်က ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ် လုပ်ငန်းများအကြောင်းရိုက်ကူးထားသည့် တရုတ်ရုပ်ရှင် No More Bets ဖြစ်သည်။ အဆိုပါ တရုတ်ရုပ်ရှင်က နိုင်ငံ ၏ပုံရိပ်ကိုထိခိုက်စေသည်ဟု မြန်မာစစ်ကောင်စီနှင့် ကမ္ဘောဒီးယားတို့က ကန့်ကွက်ခဲ့ကြသည်။ No More Bets ရုပ် ရှင်တွင် နယ်စပ်အခြေစိုက်လောင်းကစားဂိုဏ်းများက အလုပ်ပေးမည်ဟု လူငယ်များကိုစည်းရုံးကာ တရုတ်နိုင်ငံ သားကို လူကုန်ကူးကြပုံ၊ ရက်စက်စွာနှိပ်စက်ညှဥ်းပန်းပုံများ ထည့်သွင်းရိုက်ကူးထားသည်ဟု သိရသည်။
အာဏာမသိမ်းခင်အချိန်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့် မီဒီယာလောကအတွင်း ပွက်ပွက်ညံခဲ့သော ဇီးရိုး ဘတ်ဂျက်ခရီးသွားများကိုပင် စစ်ကောင်စီလက်အောက်ခံဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဒေါ် သက်သက်ခိုင် က အခမ်းအနားဖြင့် ကြိုနေရသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွား လုပ်ငန်းအခြေအနေကို
မှန်းဆနိုင်ပါသည်။
” ဇီးရိုးဘတ်ဂျက်တွေ လာရောက်လည်ပတ်တာ နည်းသွားတယ်ဗျ။ ကိုဗစ်မတိုင်ခင်ကာလတွေတုန်းကလို လာတာ မျိုးမရှိတော့ဘူး “ဟု ကိုမျိုးမြင့်ဝေ က ပြောသည်။
နိုင်ငံတကာခရီးသွားများ အများဆုံးလာရောက်လည်ပတ်လေ့ရှိသော ပုဂံ၊ အင်းလေးလိုနေရာများက ခရီးသွားလုပ် ငန်း၏ Stakeholders အသီးသီးတို့သည်လည်း အခက်အခဲများ၊ ရှေ့ဆက် မည်ကဲ့သို့ရပ်တည်ကြမလဲဆိုသည့် မရေ ရာ မသေချာသောအနာဂတ်များနှင့် အလူးအလဲရင်ဆိုင်တွေ့ကြုံခဲ့ရသည်မှာ ယခုဆိုလျှင် ၃ နှစ်ရှိသွားပြီဖြစ် ကြောင်း ကိုမျိုးမြင့်ဝေ
ကပြောသည်။ ရှမ်းပြည်တောင်ပိုင်းရှိ ကလောသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီး သွားအရေအတွက်ကလည်း အနည်းငယ်မျှသာရှိကြောင်း ဒေသခံများကပြောသည်။
ကိုဗစ်ရောဂါကူးစက်မှုနှုန်း ကျဆင်းသွားချိန်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မတည်ငြိမ်သည့်နိုင်ငံရေးအခြေအနေများနှင့်
လက်နက်ကိုင်တိုက်ပွဲများကြောင့် ခရီး သွားလုပ်ငန်းများ စတင်နိုင်ရန် မျှော်လင့်ချက်မှေးမှိန်ခဲ့ရသည်။ ကိုဗစ်မတိုင်ခင်အချိန်များတုန်းက ပြည်တွင်းခရီး သွားလုပ်ငန်းများအားကောင်းလာခဲ့ပြီး
လူလုပ်စိတ်ကူးဖြင့်ဖန်တီးထားသော လည်ပတ်စရာနေရာအသစ်အဆန်း များ များပြားလာခဲ့သည်။ ခရီးသွားများရော ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကပါ ကိုဗစ်အလွန်ကာလများအပေါ်
အမျှော်လင့်ကြီးမျှော်လင့်ထားခဲ့ကြသော်လည်း စစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့၏စိတ်ကူးအိပ်မက်များ လေထဲ ဆောက်တဲ့အိမ် ဖြစ်ခဲ့ရတော့သည်။
” ဧည့်သည်ဝင်ရောက်မှုနည်းသွားလို့ အလုပ်လက်မဲ့ဖြစ်သွားတာ၊ ပစ္စည်းတွေ ဆုံးရှုံးနစ်နာရတာ ၊ အလုပ်သမားရေး ရာကိစ္စတွေနဲ့ပတ်သက်တာ စတာတွေရဲ့အကျိုးဆက်က တိုင်းတာဖို့ခက်ခဲပါတယ် “ ဟု ကိုမျိုးမြင့်ဝေ က ပြော သည်။
ဝန်ကြီးဌာနင့် ခရီးသွားလုပ်ငန်းဘက်က အသင်းအဖွဲ့ညီနောင်များက ကျင်းပခဲ့သည့် အစည်းအဝေးတွင် ချမှတ်ခဲ့ သည်များရှိသော်လည်း ကြိုးနီစနစ်ကို လိုက်နာနေရပြန်သည်။
” သိပ်မကြာသေးခင်တုန်းကတော့ ဝန်ကြီးဌာနနဲ့ ခရီးသွားလုပ်ငန်းဘက်က အသင်းအဖွဲ့ညီနောင်များနဲ့လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ချမှတ်ခဲ့တာတွေရှိတယ်ဆိုပေမယ့် ပကတိမြေပြင်မှာ ပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေဆီ ခရီး သွားဖို့နဲ့ အလည်သွားဖို့ဆိုရင် ဘေးကင်းလုံခြုံဖို့ကို အရင်စဥ်းစားရတယ်။ ဒီလုပ်ငန်းစဥ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာနက ဖြေလျှော့စဥ်းစားညှိနှိုင်းပေးမယ်ဆိုပေမယ့် ခရီးစဥ်ပို့ဆောင်သူ၊ လုပ်ငန်းတွေအနေနဲ့ အဆင့်ဆင့်စာတင်ရ တာ ၊ ခွင့်ပြုချက်ရဖို့စောင့်ဆိုင်းရတာနဲ့ လိုအပ်တာတွေကို အချိန်မီအောင်လုပ်ရတဲ့လုပ်ငန်းစဥ်တွေကလည်း ရှိနေ ပြန်တယ် “ ဟုပြောသည်။
တကယ်တော့ ခရီးသွားလုပ်ငန်းဆိုသည်က မီးခိုးထွက်စရာမလိုသော စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ပြည်သူများ အတွက် ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းမျိုးဖြစ်သည်။ ရေနံဖြင့်ချမ်းသာကြွယ်ဝခဲ့ကြသော အာရပ်ကမ္ဘာ အတွင်းကနိုင်ငံအချို့ပင်လျှင် သဘာဝသယံဇာတဆိုသည်က အမြဲတည်ရှိနေသောအရာများမဟုတ်ဟု စဥ်းစားလာ ကြသဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာခဲ့သည်ကို တွေ့နေရသည်။ အာရပ်ကမ္ဘာအတွက် အလေးအမြတ်ပြုစရာ ဘာသာရေးဆိုင်ရာကျင့်ဝတ်တချို့ကိုပင် နိုင်ငံတကာခရီးသွားများ အတွက် အာရပ်တို့ ဖြေလျှော့ပေးခဲ့သည်။
” မြန်မာနိုင်ငံကို လာခဲ့ကြတဲ့ နိုင်ငံတကာခရီးသွားတွေအားလုံးလိုလိုပြောသွားတာတစ်ခုက မြန်မာနိုင်ငံဟာ ယဥ် ကျေးမှုနဲ့ သဘာဝခရီးသွားကိုအခြေခံတဲ့ သိပ်ကိုလှပတဲ့နိုင်ငံဆိုတာပါ ” ဟု ကိုမျိုးမြင့်ဝေကပြောသည်။
မြန်မာလူမျိုးတို့၏ ယဥ်ကျေးပျူဌာဖော်ရွေမှုနှင့် ဧည့်ဝတ်ကျေပွန်မှုက နိုင်ငံတကာခရီးသွားတွေအဖို့တော့ စံပြုစရာ ဖြစ်သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်းကို အစီအစဥ်ကျကျ၊ အမြော်အမြင်ရှိရှိဖြင့် စွယ်စုံချိတ်ဆက်မှုအားကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုသည့်အပြင် တိုင်းပြည်နှင့်လူမျိုးအကျိုးရှေ့ရှုပြီး ရေရှည်မျှော်မှန်းချက်များဖြင့်ဆောင်ရွက်မည်ဆိုသော အခြေခံစိတ်ထားများ အမြစ်တွယ်လာသည်အထိ ဆောင်ရွက်နိုင်ပြီဆိုလျှင်တော့ မြန်မာနိုင်ငံ၏ ခရီးသွားရွှေခေတ်ကို ပြန်ရောက်နိုင်ပါ လိမ့်မည်။
လက်ရှိအချိန်ထိတော့ စစ်ကောင်စီခေါင်းဆောင်ပြောနေသမျှသည် တကယ့်မြေပြင်လက်တွေ့အခြေအနေများနှင့် ကိုက်ညီမှုမရှိသည့်အပြင် ဇီးရိုးဘတ်ဂျက်ခရီးသွားများကိုပင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးက အခမ်းအနား ဖြင့်ကြိုဆိုနေရသည့် အခြေအနေမျိုး ဆိုက်ရောက်လို့နေပါတော့သည်။
*********** ပြီးပါပြီ ***********