![]()
စစ်ကော်မရှင် ဦးဆောင်မည့် ရွေးကောက်ပွဲ အပိုင်း ၂ အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဟု ၎င်းတို့ပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ကြေညာလိုက်သည်။
ရွေးကောက်ပွဲ အပိုင်း ၂ အား ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ဧရာဝတီတိုင်းအတွင်းက မြို့နယ် ၁၀၀ တွင် ကျင်းပမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။
ယခုထုတ်ပြန်ချက်အား ရွေးကောက်ပွဲ အပိုင်း ၁ တွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်သည့် အောက်တိုဘာ ၂၈ ရက်တွင် တရားဝင် ကြေညာလိုက်ခြင်းဖြစ်သည်။
လာမည့်ဒီဇင်ဘာတွင်တော့ ရွေးကောက်ပွဲ အပိုင်း ၁ အား မြို့နယ် ၁၀၂ မြို့တွင် ကျင်းပမည် ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးကာလ စတင်သော်လည်း စစ်တပ်ထိန်းချုပ်ထားသည့် ဒေသတွင်း နေထိုင်သူများမှာ စိတ်ဝင်စားမှု မရှိသကဲ့သို့ ရွေးကောက်ပွဲ ဆန့်ကျင်သည့် လှုပ်ရှားမှုများအားလည်း မြို့ပေါ်နေ တက်ကြွလှုပ်ရှားသူအဖွဲ့များမှ လုပ်ဆောင်နေကြသည်။
စစ်ကော်မရှင်လုပ်ဆောင်မည့် ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း ၅၇ ပါတီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄၉၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
စစ်တပ်သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအား မဲသမာမှုများရှိခဲ့သည်ဟု အကြောင်းပြ အာဏာသိမ်းပြီး ငါးနှစ်နီးပါး အကြာတွင် ၎င်းတို့ ဦးစီးသည့် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုသို့ မဲသမာမှုများကြောင့် ရွေးကောက်ပွဲ ရလဒ်အား ပယ်ဖျက်ခဲ့သည်ဟု ပြောဆိုခြင်းမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်ကြောင်းကို တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
၎င်းက “အာဏာက သိမ်းချင်လို့ကို သိမ်းတာ။ အဲဒါကို 2020 ရွေးကောက်ပွဲမဲသမာမှုဆိုပြီး အကြောင်းရှာလုပ်တာ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ အရမ်းကို ခံပြင်းတယ်” ဟု ပြောသည်။
စစ်ခေါင်းဆောင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ရလဒ်အား နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများ ရယူလိုခြင်းကြောင့် ရွေးကောက်ပွဲအား စောင့်ကြည့်ရန် အာဆီယံနိုင်ငံများအား ဖိတ်ခေါ်ခဲ့သော်လည်း အာဆီယံက ဘုံသဘောတူညီချက်အား မလိုက်နာသောကြောင့် စောင့်ကြည့်မည်မဟုတ်ဟု ထုတ်ပြန်ပြောဆိုထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှလည်း စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲ ဖြစ်ပြီး လက်မခံ၊ အသိအမှတ်မပြုသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ယင်းရွေးကောက်ပွဲအား အသိအမှတ် မပြုရန်၊ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်ခြင်းမပြုရန်၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့မှုများ မပေးရန် တိုက်တွန်းချက် တစ်စောင်အား အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန် တိုက်တွန်းထားသည်။
