![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်တပ်မှ ယနေ့ နေလည် ၂ နာရီခွဲခန့်မှ စတင်၍ ဂျက်ဖိုက်တာဖြင့် Drop ဗုံးများ ကြဲနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ဇီးကိုင်းကျေးရွာကိုလည်း စစ်တပ်က ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ဗုံးများ ဆက်တိုက် ကြဲချခဲ့သည့်အတွက် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ရသေ့တောင်မှ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ”ရသေ့တောင်က ဇီးကိုင်းရွာကို drop ဗုံးချလို့ အဲဒီမှာ ရှိတဲ့ ဒေသခံ တစ်ဦးက သေတယ်။ နှစ်ဦးက ဒဏ်ရာ ရသွားတယ်” ပြောသည်။
သေဆုံးသွားသူမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အသက် ၂၀ အရွယ်လူငယ်တစ်ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ရသေ့တောင်မြို့ထဲကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံး ကြဲချခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့ထဲနှင့် ၅၅၀ တပ်ရင်းနားသို့လည်း စစ်တပ်က ဗုံး ရှစ်လုံး ကြဲချခဲ့သော်လည်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိဟု အသက် ၂၀ အရွယ် ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
”ဂျက်ဖိုက်တာနဲ့ စုစုပေါင်း ချတာက ရှစ်လုံး ကျပါတယ်။ မြို့ထဲကို လေးလုံးပါ။ ၅၅၀ တပ်နားကို လေးလုံး ကျသွားတာပါ။ မြို့ထဲမှာတော့ လူတွေ မနေသေးတော့ လူအထိအခိုက်တော့ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
စစ်တပ်သည် ရခိုင်ပြည်နယ်တွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို နေ့စဥ် လုပ်ဆောင်လျက်ရှိသည်။
#ပုဏ္ဏားကျွန်း #ရသေ့တောင် #စစ်ကောင်စီ #ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ #ThanLwinKhetNews
