Brain
အောက်တိုဘာ ၅၊ ၂၀၂၃။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်လုပ်ငန်းများဖြစ်သည့် လောင်းကစားလုပ် ငန်းများ သိသိသာသာများပြားလာနေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်၏ အထွေထွေဆုတ်ယုတ်မှုများစာရင်းတွင် လောင်းကစားနွံအတွင်းနစ်မွန်းနေကြသည့် ပြည်သူ များပြားလာခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။
“နေရာတိုင်းနီးပါးမှာ ၂ လုံး၊ ၃ လုံး ချဲဒိုင်တွေနဲ့ လောင်းကစားဝိုင်းတွေ ရှိနေတယ်။ လူသုံးများတဲ့ အွန်လိုင်းပေါ်မှာဆိုရင်လည်း ဒီလိုပဲ။ လောင်းကစားလုပ်ငန်းတွေကို ပေါ်တင်လုပ်ကိုင်နေကြသူတွေ ချည်းပဲ။ ဒါမျိုးကို အရေးယူရမယ့်လူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ လောင်းကစားဝိုင်းတွေလည်း ရှိတယ်။ မြန်မာနိုင်ငံမှာ လောင်းကစားနဲ့ပတ်သက်ပြီး တော်တော်အခြေအနေဆိုးဆိုး ဖြစ်နေပြီ”ဟု နိုင်ငံ ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း စသော တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် ကဲ့သို့သောပြည်နယ်များအပြင် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်တွင်ပင် ဘောလုံး၊ ချဲ၊ နှစ်လုံးထီ စသောလောင်းကစားလုပ်ငန်းများ တရားဝင်သဖွယ် အများအပြားရှိနေသော်ငြား လုံလောက်သောအရေး ယူမှုများမရှိသည့်အတွက် တရားမဝင်လောင်းကစားလုပ်ငန်းများမှာ ပို၍ကြီးထွားလာလျက်ရှိနေသည်ဟု ပြည်သူအချို့က ဖွင့်ဟသည်။
ထို့အပြင် ၂ လုံးထီ၊ ချဲ အပါအဝင် ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ကြက်ဝိုင်းနှင့် အွန်လိုင်းလောင်းကစား စသော လောင်း ကစားလုပ်ငန်းများတွင် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရမည့် လူအချို့ကိုယ်တိုင် လိုင်းကြေးယူကာ ပါဝင်ပတ်သက်မှုများ ရှိနေသည်။ ၎င်းတို့မှာ လောင်းကစားလုပ်ငန်းနောက်ကွယ်တွင် ကြိုးကိုင်နေသူများ နှင့်လည်း ငွေကြေးကိစ္စများ ပတ်သက်မှုရှိနေကြောင်း ဧရာ၀တီတိုင်းဒေသကြီးအတွင်းက ရဲဝန်ထမ်း မိသားစုဝင်တစ်ဦးက သံလွင်ခက် ကို အတည်ပြုသည်။
ယခုကာလအတွင်း စစ်ရေးနှင့်နိုင်ငံရေးကိစ္စများအပေါ် လူအများကအာရုံစိုက်နေကြသဖြင့် လောင်း ကစားလုပ်ငန်းများကို မျက်နှာလွှဲထားရသည့်အခြေအနေများကြောင့် လောင်းကစားလုပ်ငန်းများ ပို၍ တွင်ကျယ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ရတဲ့လစာနဲ့ ထွက်ငွေနဲ့ မလုံလောက်လို့ ၂ လုံး ထီတွေ ထိုးခဲ့တာ။ မပေါက်တော့ လိုက်ရင်း ကုန်ရင်းနဲ့ နောက်ဆုံး ကိုယ့်ငွေလေးတွေ ပြန်ရမလားဆိုပြီး ပေါက်ချင်ဇောနဲ့ ပုံအောထိုးတာ၊ ရှိတာတွေ ကုန်တဲ့ အပြင် သိန်း ၅၀ ကျော်လောက် ကြွေးတင်သွားတယ်။ မိသားစုကိုလည်း မပြောရဲဘူး။ သူငယ်ချင်းတွေ ကိုတောင် မပြောရဲဘူး။ နောက်ဆုံး အိမ်ကသိတော့ မနေရဲလို့ အိမ်ပေါ်ကဆင်းပြီး အသိအိမ် သွားနေရ တယ်။ ကြွေးရှင်တွေက အိမ်လာတောင်းတာကိုး။ နောက်ဆုံး အကြွေးကို အိမ်ကပဲ ဆပ်လိုက်ရတယ်”ဟု မသီတာ (အမည်လွှဲ) က ပြောသည်။
မသီတာ သည် ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် အမျိုးသားသေဆုံးပြီးနောက်ပိုင်း သမီးငယ်ဖြစ်သူနှင့် မိဘအိမ်တွင် ပြန်လည်နေထိုင်နေသူဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ရသည့်ကျောင်းဆရာမလစာဖြင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီး အရစ်ကျဝယ်ခဲ့ဖူး သော်လည်း ၂ လုံးထီရှုံးသဖြင့် အဆိုပါဆိုင်ကယ်ကိုလည်း အောက်စျေးဖြင့် ပြန်လည်ရောင်းချခဲ့ရသလို မိခင်ဖြစ်သူ၏ လက်ကောက်များ ရောင်းချကာ ချဲကြွေးများဆပ်ခဲ့ရသည်။ ဒိုင်များ၊ ဂုတ်စီး ( ၂ လုံးထီ၊ ၃ လုံးချဲ တဆင့်ပြန်လည်ရောင်းချသူ)များက ရစရာရှိသည့်အကြွေးများ ပြန်လည်ရရှိသွားသည့်အခါ မသီတာ တစ်ယောက် မိဘအိမ်တွင်ပင် ပြန်လည်နေထိုင်ဖို့ အကြောင်းဖန်လာပြန်သည်။ သို့ရာတွင် နောက်ထပ် မည်သည့်အခါတွင်မျှ လောင်းကစားမလုပ်တော့ပါဆိုသည့် ကတိကိုတော့ပေးခဲ့ရသည်။
ISP Myanmar ၏ စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ရပ်အရ အာဏာသိမ်းမှုအလွန် ၂ လုံး၊ ချဲနှင့်လောင်းကစားဝိုင်းများမှာ ရပ်ကွက်ထဲနှင့် ဘုရားပွဲများတွင် ပိုများလာသည်ဟု ဆိုသည်။ မန္တလေးမြို့တွင် ရိုးရာအိုးပုတ်ပွဲတော်ကျင်းပသည့်အခါ လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင် ခွင့်ပြုခဲ့သလို အရပ်ဝတ်နှင့် ရဲ၊ စစ်သားများကပါ လုံခြုံရေးယူပေးခဲ့သည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပနေကျဖြစ်သည့် မန္တလေးတိုင်းအတွင်းက တောင်ပြုံးပွဲတော် တွင်လည်း လောင်းကစား၀ိုင်းများ ယမန်နှစ်များကထက် ပိုမိုများပြားလာကြောင်းလည်း စစ်တမ်းက ဆို သည်။
စစ်တပ်အာဏာသိမ်းမှုအလွန်ဖြစ်ပေါ်လာသည့် ဆုတ်ယုတ်မှုများအတွင်း နိုင်ငံအနှံ့ လောင်းကစားနွံ အတွင်းနစ်မွန်းနေကြသူ များပြားလာခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အစိုးရရုံးများအခြေစိုက် သည့် နေပြည်တော်တွင်ပင် အစိုးရရုံးအချို့၌ ၂ လုံး၊ ၃ လုံးနှင့် ဘောလုံးပွဲလောင်းကစားခြင်းများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြသလို နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကိုယ်တိုင် တဆင့် ခံဒိုင်များအဖြစ် ဆောင်ရွက်နေကြသည်ဟု အမည်မဖော်လိုသည့် ၀န်ထမ်းအချို့က အတည်ပြုသည်။
CDM ဝန်ထမ်းများ၏ နောက်ဆက်တွဲလှိုင်းကို စစ်ကောင်စီကရင်ဆိုင်နေရခြင်းဖြစ်ပြီး ဝန်ထမ်းများကို ထိန်းသိမ်းထားနိုင်ရန် မိမိတို့စစ်ကောင်စီအား ပြန်လည်ပုန်ကန်ခြင်းကလွဲပြီး ယင်းလုပ်ရပ်များအားလုံးကို မသိကျိုးကျွံပြုထားခြင်းဖြစ်သည်ဟုလည်း ဝန်ထမ်းများကဆိုသည်။ ဘောလုံးပွဲအပါအဝင် မြန်မာနိုင်ငံ တွင် လူကြိုက်များသည့် ၂ လုံးထီ၊ ၃ လုံး စသည့် လောင်းကစားလုပ်ငန်းများကို ရုံးချိန်အတွင်းမှာပင် လောင်းကစားနိုင်သည်အထိ စစ်ကောင်စီက လွှတ်ပေးထားသလို အစိုးရဝန်ထမ်းများကိုယ်တိုင်က ဂုတ်စီး များအဖြစ် ပြန်လည်ပြုလုပ်နေသည်များလည်း ရှိနေသည်။
ရပ်ရွာများတွင်ကျင်းပသည့်ပွဲလမ်းများတွင်လည်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အုပ်ချုပ်ရေးတာဝန်ရှိသူ များကိုယ်တိုင်ဦးဆောင်ပြီး အာဝါဒေးပွဲများ (ဂျင်၊ ဖဲ၊ ကြက်၊ ဒလိမ့်တုံး၊ အံစာတုံး အစရှိသည်များနှင့် လောင်းကစားများပြုလုပ်သည့်ပွဲ) ပြုလုပ်လျက်ရှိသည်ဟု ဧရာ၀တီတိုင်းအတွင်းနေထိုင်သည့် ဒေသခံ တစ်ဦးက ဆိုသည်။ ရံဖန်ရံခါတွင် ပွဲလမ်းသဘင်များ မရှိသော်လည်း အခြားခေါင်းစဉ်များဖြင့် ယင်းကဲ့သို့ လောင်းကစားဝိုင်း ပြုလုပ်မှုများလည်း ရှိနေသည်။
ပြည်သူအချို့ကတိုင်တန်းကြသော်လည်း တာဝန်ရှိသူများကိုယ်တိုင် အာဝါဒေးပွဲများတွင် ပါဝင်ပတ်သက် နေသဖြင့် အရေးယူမှုတစုံတရာမျှ မရှိပေ။ စီမံချက်ဖြင့် အရေးယူမည်ဆိုသည့်ကာလမျိုးတွင်လည်း နယ်မြေခံရဲအရာရှိများကိုယ်တိုင်က လောင်းကစားဝိုင်းများကို ကြိုတင်သတင်းပေးကာ ရှောင်ခိုင်းခြင်း၊ အကာအကွယ်ပေးခြင်းများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
“ဟိုအရင်ခေတ်တွေကတည်းက ရွာမှာ အဲလို အာဝါဒေးပွဲဆိုတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်သူမှ ဘ၀ပျက်လောက်အောင် မလုပ်ကြဘူး။ ရံဖန်ရံခါပဲ လုပ်ကြတာ။ ခုနောက်ပိုင်း ရွာတွေဘက်မှာ အဲလို ကစားဝိုင်းတွေ ပိုများလာတယ်။ လူတွေကလည်း အလုပ်အကိုင်ကရှား။ ဝင်ငွေက မရှိကြနဲ့ဆိုတော့ အား အားနေ ဒါတွေကနေပဲ ပိုက်ဆံရှာဖို့ တွေးကြတော့တာ။ နောက်ဆုံးတော့ ရှိတာကုန်။ အိမ်ထောင်တွေကွဲ နဲ့ အဆုံးသတ်တာပဲ။ သက်ဆိုင်ရာဆိုတာကလည်း ဒီတိုင်း လွှတ်ထားတာကိုး”ဟု ဧရာ၀တီတိုင်း၊ အင်္ဂပူ မြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။
ISP Myanmar က ၂၀၂၃ ခုနှစ် မေလကနေ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ ၏ ၃ ပုံ ၁ ပုံဖြစ်သော မြို့နယ် ၁၁၀ ကို စစ်တမ်းကောက်ယူခဲ့ရာ ၁၀၅ မြို့နယ်တွင် (၉၅ ရာခိုင်နှုန်း) ၂ လုံးထီ၊ ၃ လုံးထီကစားကြရုံသာမက စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်းများကိုလည်း တွင်တွင်ကျယ်ကျယ် ပြု လုပ်နေကြကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် မြို့နယ်တစ်ခုချင်းစီအလိုက် (ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၆ ခုနှင့်အထက်) စီးပွားဖြစ် ဂျင်ဝိုင်း၊ ဖဲ၀ိုင်း၊ ကြက်ဝိုင်း လုပ်ကိုင်မှုများမှာ ဇူလိုင်လအတွင်း ပိုမိုမြင့်တက် လာခဲ့ကြောင်း ဖော်ပြထား သည်။
အခြားတစ်ဘက်တွင်လည်း နိုင်ငံတွင်းမတည်ငြိမ်မှု၊ စီးပွားရေးကြပ်တည်းမှုကြောင့် အလုပ်အကိုင်နှင့် အခွင့်အလမ်းရှားပါးခြင်းကို အခွင့်ကောင်းယူကာ အွန်လိုင်းလောင်းကစားဂိမ်းများနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှုများက ပြည်သူများကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာသည်။
တရားမဝင်အွန်လိုင်းလောင်းကစားဂိမ်း၊ ငွေကြေးလိမ်လည်မှုများ စသည့် နာမည်ဆိုးရှိနေသော လူကုန် ကူးဂိုဏ်းများကလည်း အသက် ၂၀ နှင့် ၃၀ ကြား လူငယ်များကိုပစ်မှတ်ထားကာ သွေးဆောင်ခြင်းများ၊ လိမ်လည်မှုများပြုလုပ်ကာ လောက်ကိုင်၊ မိုင်းလား အပါအဝင် ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့က ကာစီနိုရုံများသို့ လိမ်လည်ရောင်းစားသည့်ဖြစ်ရပ်များလည်း ရှိနေသည်။
အွန်လိုင်းလောင်းကစား App များတွင် နိုင်မည့်အသင်းကို ခန့်မှန်းကာလောင်းရသည့် ဘောလုံးပွဲများ အပြင် ငါးဖမ်းဂိမ်း၊ စလော့၊ ကာစီနို စသည့် ဆော့ဖ်ဝဲဖြင့် ရေးဆွဲထားသောဂိမ်းများပါ ခေတ်စားနေပြီး ထိုးသားများရှုံးအောင် ပရိုဂရမ်ရေးဆွဲထားသည့် App များဖြစ်နေခြင်းကြောင့် ဘ၀ပျက်ကြရသူများလည်း ရှိသည်။
“ကျွန်တော်တို့အိမ်နားက အသိတစ်ယောက်လေ။ အဲဒီ အွန်လိုင်းဂိမ်းတွေဆော့တာ သိန်း ၁ ထောင်ကျော် တယ် ရှုံးတာ။ အိမ်ပါရောင်းပြီး ပေးလိုက်ရတယ်။ သူက ဘောလုံးပွဲတွေဆိုလည်း လက်ကြီးတယ်။ ကျွန်တော့်ဆီမှာ လောင်းနေကျ။ ဒါပေမယ့် အွန်လိုင်းဂိမ်းတွေပါဆော့တော့မှ ရှိတာကုန်တော့တာပဲ။ ဒါတောင် သူ့ မိဘတွေက ပိုက်ဆံနည်းနည်းတတ်နိုင်လို့ လမ်းဘေးမရောက်တာ”ဟု ဘောလုံးပွဲစဉ်များ အား အွန်လိုင်းက Tips ရောင်းချနေသူ မန္တလေးမြို့က ကိုထွေး (အမည်လွှဲ) က ဆိုသည်။
ကိုထွေးမှာ ရန်ကုန်ရှိ ဒိုင်ကြီးများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘောလုံးပွဲစဉ်များအား အွန်လိုင်းက ပွဲကြိုခန့်မှန်းချက်များပေးကာ ကြေးဖွင့်၍ လောင်းကစားလုပ်နေသူတစ်ဦး ဖြစ်သည်။ ခေတ်ကာလအခြေ အနေအရ ဝင်ငွေရလမ်းကောင်းသဖြင့် ယခုအလုပ်ကိုလုပ်ကိုင်နေရသော်လည်း ရှုံးသူများ၏ ငွေကြေး များကို ချော့ကာ ခြောက်ကာ တောင်းပြီး အပူစာစားနေရသည့်အလုပ်ဖြစ်နေသဖြင့် စိတ်မချမ်းသာဟု ဖွင့်ဟသည်။ တခါတရံ ထိုးသားများက ငွေမချေနိုင်သည့်အခါတွင် ရှိသည့်ပစ္စည်းများ ယူရခြင်းများရှိသလို ရှုံးတဲ့ပိုက်ဆံ မပေးဘူးဟု ငြင်းဆန်သူအချို့အား မိုက်ကြေးခွဲ၍ တောင်းယူရသည်များလည်း ရှိသည်။
မြန်မာနိုင်ငံအတွင်း ယခင်ကထက် သိသိသာသာတွင်ကျယ်လာသည့် လောင်းကစား၏ခြေတံလက်တံက ထိုမျှတင်မကပါ။ အကြောင်းအမျိုးမျိုးဖြင့် အကျဥ်းကျခံနေရသော အကျဉ်းသားများရှိရာ အချုပ်ထောင် များအထိပါ ကျယ်ပြန့်လျက်ရှိနေသည်။ အကျဥ်းထောင်များအတွင်း ၂ လုံးထီ၊ ၃ လုံး စသည်တို့ ထိုးခြင်း၊ ရောင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း အကျဥ်းကျခံနေရာက ပြန်လည်လွတ်မြောက်လာသူအချို့က ပြောသည်။
ပြင်ပထက် ဆ,လျှော့ချပေးချေမှုများရှိသော်လည်း အကျဉ်းထောင်များတွင် ၂ လုံး၊ ၃ လုံး လောင်းကစား လုပ်ငန်းက ရှိနေသည်။ ပေါက်သည့် အကျဉ်းသားအနေဖြင့် ငွေကြေး သို့မဟုတ် အစားအသောက်တစ်ခုခု ရယူနိုင်သည်။ အကြွေးထိုးပြီး မပေါက်သည့်အကျဉ်းသားများအနေဖြင့် ထောင်ဝင်စာတွေ့ချိန်တွင် ရသည့် ပိုက်ဆံဖြင့် အကျဉ်းထောင်ဝန်ထမ်းဂုတ်စီးအား ငွေပြန်ဆပ်ရသည်။
“သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။ ဝန်ထမ်းတွေနဲ့ နားလည်မှုယူပြီး ဆော့နေကြတာပေါ့။ ပေါက်တဲ့အခါ သူတို့ကို လက်ဖက်ရည်ဖိုးပေး ဘာညာနဲ့ ထိုးနေကြတာပဲ”ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ဆိုသည်။
ရန်ကုန်၊ နေပြည်တော် အစရှိသည့် မြို့များရှိ အဆင့်မြင့်ဟိုတယ်များ၏ သီးသန့်ခန်းများအတွင်းတွင် လည်း ဂျင်ဝိုင်းများနှင့် ကြက်ဝိုင်းကဲ့သို့ လောင်းကစားဝိုင်းများ ရှိနေသည်ဟု ရန်ကုန်အခြေစိုက် ဟိုတယ် တစ်ခုက ဝန်ထမ်းတစ်ဦးက အတည်ပြုသော်လည်း ယင်းကစားပွဲများအကြောင်း အသေးစိတ်ပြောပြရန် ငြင်းဆန်သည်။
နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာသွားမှု၊ ငွေစျေးနှုန်းကျဆင်းမှုများအပြင် အလုပ်အကိုင်ရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် လောင်းကစားဝိုင်းများကတော့ ယခင်ကထက် ပိုပို၍လွတ်လပ်လာနေသည်။ အခြားတစ်ဘက်တွင်မူ ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် ခိုးမှုများ၊ လုယက်မှုများ ယခင်ကထက်ပိုမိုများပြားလာပြီး ပြည်သူများ၏ နေ့စဉ်လူနေမှုဘ၀ မလုံခြုံမှုများကလည်း ကျွဲကူးရေပါဆိုသကဲ့သို့ မြင့်တက်လျက်ရှိနေသည်ဟု ရန်ကုန်မြို့၊ လှည်းတန်းတွင်နေထိုင်သည့် လူငယ် တစ်ဦးက ဆိုသည်။
“အပြင်ထွက်ရင် အရင်လို နောက်ကျောလုံတဲ့ ခံစားချက်မျိုးမရှိတော့ဘူး။ ဘယ်အချိန် ဓားထောက် အလုခံရမလဲ ကြောက်နေရတယ်။ ညဘက်တွေ အိမ်ပြန်နောက်ကျတဲ့ရက်ဆို ဘုရားတ,နေရတယ်။ လုတာ၊ ယက်တာတွေကလည်း များနေတော့။ ခေတ်အခြေအနေက သိတဲ့အတိုင်းပဲ” ဟု သူက ဆိုသည်။