![]()
နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်ကို ထိန်းချုပ်ခဲ့ပြီးနောက် ထိုင်းမြန်မာနယ်စပ်အနီးရှိ ဖလူး၊ မင်းလက်ပံစသည့် ကျေးရွာများကို ပြန်လည်ရရှိရေးအတွက် စစ်တပ်ဘက်မှ လေကြောင်း၊ လက်နက်ကြီး ပိုမိုအသုံးပြုလာသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်မှစပြီး ဖလူး၊ မင်းလက်ပံသို့ ထိုးစစ်ဆင်ရန် စစ်တပ်ဘက်မှ ကြိုးပမ်းကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင်တော့ လေကြောင်း၊ လက်နက်ကြီးများပိုမိုအသုံးပြုလာသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၎င်းက “လေးကေ့ကော်ကနေ ဒီဘက် (ဖလူး၊ မင်းလက်ပံ) ကိုဆက်တိုးတယ်လေ၊ မနက်ကလည်း တိုးတယ်။ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်ကနေ တိုးတယ်လေ။ ဒီနေ့တော့ နည်းနည်းတော့ တက်တယ်၊ လက်နက်ကြီး လေယာဥ်ပစ်တာ” ဟု ပြောသည်။
ထို့အပြင် ယနေ့နံနက်မှစပြီး နေ့လည်အထိ လေးကေ့ကော်ဒေသအနီးတဝိုက်သို့ ကင်းထောက်လေယာဥ် Y- 12 ဖြင့်ပတ်ကာ ဗုံးကြဲခဲ့သည်။
ဒေသခံတစ်ဦးက “သူတို့ ဒီနေ့ပတ်တာ ကိုးခေါက်၊ ၁၀ ခေါက်လောက်ရှိတယ်။ ကြဲတာက သုံး၊ လေးခေါက်။ Y- 12 ဆိုတော့သိတဲ့အတိုင်း ပတ်လိုက်ကြဲလိုက်ပဲ။ ဒီနေ့ သူတို့ ကြဲတာ လေးကေ့ကော်နဲ့ ရသေ့ဂူကြားက ထီးကော်ထောမှာ ကျတယ်လို့သတင်းရတယ်။ ထိခိုက်တာတော့ မသိလိုက်သေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထီးမယ်ဝါးခီးဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင်လည်း နံနက် ၁၂ နာရီကျော်တွင် လေးကေ့ကော်အနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ရသည်။
ပုံစာ – တိုက်ပွဲဖြစ်ပွားမှုအတွင်း မြင်တွေ့နေရသည့် ပူးပေါင်းတပ်ဖွဲ့အချို့
#ထိုင်းမြန်မာနယ်စပ် #ကရင်ဘက်ခြမ်း #လေယာဉ်ဖြင့်ဗုံးပတ်ကြဲ #ThanLwinKhetNews
