![]()
ခင်သရဖီဦး
စစ်ကော်မရှင် တပ်စွဲထားသည့် စစ်တွေမြို့ရှိ တပ်ရင်း၊တပ်မ များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသည့်အတွက် ပုဏ္ဏားကျွန်းဒေသခံများမှာ ဆက်လက်ပြီး စစ်ဘေးရှောင်နေရသည်ဟု မြို့ခံများထံ မှသိရသည်။
စစ်တွေမြို့ရှိ စစ်ကောင်စီတပ်များမှ ပုဏ္ဏားကျွန်းမြို့ပေါ် အပါအဝင် အနီးအနားမှ ရွာများအား ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ ပြန်လည် နေရပ်စွန့်ခွာနေကြရကြောင်း အသက် (၂၇)အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
” အခုတလော နေ့ရော ညပါ ဆိုသလို လက်နက်ကြီးတွေ လှမ်းပြီး ပစ်နေတာပါ။ ဒေသခံတွေ ထိခိုက်တာတွေလည်းရှိလာတယ်။ ဒဏ်ရာရ သေဆုံးသွားတာတွေလည်း ထပ်ရှိလာတော့ ဒေသခံတွေက မနေရဲတော့ဘူးလေ။ ” ဟု ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာသို့ အရေးပေါ်လူနာသွားယူသည့် ပရဟိတ အဖွဲ့ဝင် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လက်နက်ကြီးတစ်လုံးကျ၍ မြို့ထဲတွင် သွားလာနေသူတစ်ဦး ဒဏ်ရာရရှိသွားသည်။
အသက် (၂၀)အရွယ် ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ” ပုဏ္ဏားကျွန်းမှာက လူတွေက နည်းနည်းပါးပါး ဝင်နေကြတာလေ။ အခု လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပြန်ပစ်တော့ ဒေသခံတွေက ထပ်မံပြေးရတာပေါ့။ ” ဟု ဆိုသည်။
စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သည့် ရွှေမင်းဂံရေတပ်စခန်း၊ ကျားမသောက်တွင် အထိုင်ချထားသည့် တပ်ရင်းများ နှင့် ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်များမှ ယင်းကဲ့သို့ ပုဏ္ဏားကျွန်း၊ပေါက်တော၊ ရသေ့တောင်တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
အာရက္ခတပ်တော် နှင့် စစ်ကော်မရှင်တပ်တို့ကြား လက်နက်ကြီးနှင့်ဒရုန်းများဖြင့် အပြန်အလှန် ဖြစ်ပွားနေခြင်းလည်းဖြစ်သည် ။
#စစ်တွေ #လက်နက်ကြီးပစ်ခတ် #ပုဏ္ဏားကျွန်းဒေသခံ #ThanLwinKhetNews
