![]()
မန္တလေးတွင် ငလျင်ဒဏ်ခံထားရသည့် တိုက်ဖြိုရင်း ပြိုကျ၍ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသောကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်ဟု “မဏီစလ” လူမူကူညီရေးအသင်းထံမှ သိရသည်။
ယနေ့ နံနက် ကိုးနာရီအချိန်ခန့်တွင် မန္တလေးမြို့ချမ်းအေးသာဇံ မြို့နယ် ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား ရှိ ဖြိုလက်စ တိုက်ပြိုကျ၍ မိန်းကလေးငယ် တစ်ဦး လက်နှင့် ဒူးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ အသင်းမှ သိရသည်။
“ဖြိုထားတဲ့တိုက် ရှင်းလင်းရင်း အုတ်ပြိုကျတာပါ။ တိုက်ရှင်းတဲ့အဖွဲ့မှာ ပါလာတဲ့ ကလေးပါ။” “မဏီစလ” လူမူကူညီရေးအသင်းထံမှ တာဝန်ရှိသူ တစ်ဦးမှ ဆိုသည်။
လက်ရှိအချိန်ထိ မန္တလေးမြို့တွင် ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ဖြိုဖျက်နေရဆဲ ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်ကလည်း တိုက်ဖြို့နေစဉ် ပြိုကျ၍ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုကြောင့် တိုက်ဖြိုဖျက်ပါက ဘေးပတ်ဝန်းကျင်တွင် ထိခိုက်မှုများ မရှိစေရန် ဂရုပြုသင့်သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူများမှ အကြံပြုသည်။
“ဖြိုမယ်ဆို ဘေးပတ်ဝန်းကျင်ကိုအသိပေးစေချင်ပါတယ် အနီးအနားကိုလည်း အကာကွယ်လေး နဲ့စနစ်တကျလုပ်စေချင်ပါတယ်။ ဂရုစိုက်ပြီး အတားအစည်းလေးနဲ့ လုပ်စေချင်ပါတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးမှ ပြောသည်။
