![]()
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ တောင်ညို ကျေးရွာဘက်ကို စစ်ကော်မရှင်တပ်၏ ရေတပ်မှ နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦးသေဆုံးပြီး၊ ဒေသခံ အမျိုးသားနှစ်ဦး ပြင်းထန် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန့်နေ့ အောက်တို ဘာ ၂၉ ရက် နေ့လယ် နှစ် နာရီကျော်ခန့်တွင် ပေါက်တောဘက်သို့ လက်နက်ကြီး ၅ လုံးခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသက် ၂၃ နှစ်အရွယ် ပေါက်တောဒေသခံ အမျိုးသားတစ်ဦး ကဆိုသည်။
” ပေါက်တောဘက်ကို မနေ့က ဆက်တိုက် ဆိုသလို မနက်ကတည်းက ရမ်းပြီး ပစ်ခတ်နေတာပါ။ အဲဒီမှာ လက်နက်ကြီးတစ်လုံးက တောင်ညိုရွာထဲကို ကျပြီး ပေါက်ကွဲတာ။ လက်နက်ကြီး အစတွေက ကလေးရဲ့ ခေါင်းမှာ ကျပြီး နေရာမှာ ပင် သေသွားတာပါ။ အနီးအနားက လူကြီးနှစ်ယောက်က ဒဏ်ရာရသွားတယ်။”ဟုဆိုသည်။
သေဆုံးသွားသူမှာ တောင်ညိုရွာမှ ငါးနှစ် အရွယ် မဇင်ချိုအိ ဖြစ်ပြီး ဒဏ်ရာရ ရှိသူများမှာ ၎င်း၏ ဖခင်ဖြစ်သူ အသက် ၃၀ အရွယ် ဦးနေဇော်ထွန်းနှင့် အသက် ၆၆ နှစ် အရွယ် ဦးမောင်စိန်ဝင်းတို့ ဖြစ်သည်။
လက်ရှိ တွင် ဒဏ်ရာရရှိသူများသည် နီးစပ်ရာဆေးပေးခန်းများတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။
စစ်ကော်မရှင်၏ လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ပေါက်တော ဒေသခံ များမှာ စိုးရိမ်မူများ မြင့်တက်နေကြောင်း အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
” ညဆိုလည်း ကောင်းကောင်း မအိပ်ရပါဘူး။ ဗုံးတွင်းတွေမှာ ဆင်းပြီ အိပ်နေရတယ်။သူတို့တွေက ညဘက်တွေဆိုလည်း ပစ်နေတာ။” ဟုဆိုသည်။
စစ်တွေတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့ရော ညပါ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော ဘက်များသို့ ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဒေသခံများ ထိခိုက်သေဆုံးမူမှာ ဆက်တိုက်ရှိနေသည်။
