သံလွင်ခက်
အောက်တိုဘာ ၃၊ ၂၀၂၃။
နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၀ တွင် ရှေ့ပြေးသန်းခေါင်စာရင်းကောက်ယူမှုများစတင်သွားမည်ဟု စစ်ကောင်စီ က အောက်တိုဘာ ၁ ရက်တွင်ကြေညာခဲ့သည်။ လာမည့် ၂၀၂၅ ခုနှစ်တွင် ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပ သွားမည်ဟု စစ်ကောင်စီတာဝန်ရှိသူများက အရိပ်အမြွက်ပြောဆိုလာပြန်ပြီး အဆိုပါရွေးကောက်ပွဲမကျင်းပခင် မှာပဲ သန်းခေါင်စာရင်းကောက်ယူမှုများ ပြီးဆုံးရမည်ဟု စစ်ကောင်စီတာဝန်ရှိသူများကဆိုသည်။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၁ ရက်ကစ၍ အောက် တိုဘာ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီကောက်ယူမည့်မြို့နယ်များတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်တို့ပါဝင်သည်ဟု သိရသည်။
ပြီးခဲ့သော စက်တင်ဘာလအစောပိုင်းတွင် စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ပါတီ ၃၆ ပါတီ ကို ရန်ကုန် လွှတ်တော်ကိုယ်စားလှယ်ရုံးသို့ခေါ်ယူပြီး အီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းပြခဲ့သေးသည်။ သို့သော်လည်း ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုတော့ တိတိကျကျသတ်မှတ်ပေးခဲ့တာမျိုးမရှိကြောင်း ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ – SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ပြောဆိုခဲ့သည်။
စက်တင်ဘာလ ၁ ရက်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) နှင့်စပ်လျဥ်း၍ ဝန်ကြီးဌာနများကိုရှင်းပြခြင်း၊ လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကြေးမုံသတင်းစာတွင်ဖော်ပြထားသည်။
MEVM သည် လုံခြုံစိတ်ချရပြီး အင်တာနက်၊ Wireless မဟုတ်သည့်အတွက် နည်းပညာပိုင်းဆိုင်ရာအရ နှောင့်ယှက်၍မရနိုင်ကြောင်းနှင့် လက်ရှိအချိန်အထိ ဝန်ကြီးဌာန ၂၈ ခုက ဝန်ထမ်းပေါင်း ၅၇၆၆ ဦး လက်တွေ့စမ်း သပ်မဲပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါကြေးမုံသတင်းစာတွင်ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများ ခပ်စိပ်စိပ်လုပ်လာနေသည်။ သန်းခေါင်စာရင်းကောက်ယူမည့်အဖွဲ့များကို တိုက်ခိုက် သွားမည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ပြန်ပြောဆိုထားသည်များလည်း ရှိနေသည်။ စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက တိုက်တွန်းထားသည်။
ပုံစာ – ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရန်စောင့်ဆိုင်းနေကြသော ပြည်သူများ။
ဓာတ်ပုံ – သံလွင်ခက်
Myo Min Hein
June Moe