ယနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်း ၉ နာရီ ၂၈ မိနစ်တွင် ပြင်းအား ၅ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်သွားသည်ဟု သိရသည်။
ယမန်နေ့ ညနေ ၁၀ နာရီ ၄၉ မိနစ်တွင် ကျောက်တန်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၁ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားခြင်းကြောင့် ရန်ကုန်တွင်လည်း သုံးကြိမ်တိုင်တိုင် ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဒေသခံများမှ ပြောသည်။
“ရန်ကုန်မှာ ငလျင်တွေ ခဏခဏ လှုပ်နေတယ်။ ဒီမနက်လှုပ်တဲ့ ငလျင်ဆို ထိုင်နေရင်းတောင် မူးနောက်နောက်ဖြစ်သွားတယ်။”ဟု ကမာရွက်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးမှ ပြောသည်။
ယခု ရက်ပိုင်းတွင် ငလျင်ငယ်များ အစုလိုက် လှုပ်ခတ်နေသည်ကို ငလျင်အရေးပေါ် အချက်အလက်ပေးပို့ချက်များ အရသိရသည်။ အဆိုပါ ငလျင်ငယ်များသည် သပိတ်ကျင်း၊ ပြင်ဦးလွင်၊ မိထ္ထီလာ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ်( ကရင်နီ)၊ နေပြည်တော်၊ တောင်ငူနှင့် ပြွန်တန်ဆာတို့တွင် လှုပ်ခတ်သွားခြင်းဖြစ်သည်။
ယမန့်နေ့ ညပိုင်းတွင် ရန်ကုန်၏ အရှေ့တောင်ဘက် မိုင် ၅၀-၆၀ အကွာတွင် ငလျင် ၄ လုံးလှုပ်ခတ်သွားပြီး ယင်းငလျင်ငယ်များသည် စစ်ကိုင်းပြတ်ရွေ့၏ လှုပ်ရှားမှုများ ဖြစ်သည်ဟု ငလျင်ပညာရှင်များမှ သုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ယခုကဲ့သို့ ငလျင်အသေးများ ဆက်တိုက်ဆိုသလို ခပ်စိတ်စိတ် လှုပ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။