![]()
နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးမြို့ရှိ စစ်ကော်မရှင်တပ်၏ စခန်းဟောင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ယမန်နေ့ နံနက်မှစတင်ကာ မေတ္တာလင်းမြိုင်မှတဆင့် ထိုးစစ်ဆင်လာပြီး အင်ကြင်းမြိုင်နှင့် မင်းလက်ပံကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
၎င်းက “ကိုယ့်ဘက်က သူတို့ကို လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါတွေနဲ့ ပစ်တာ။ သူတို့ဘက်က လေး၊ ငါးယောက်လောက် ထိတာတွေ့တယ်” ဟု ပြောသည်။
ရသေ့ဂူဘက်မှ အကြိမ်ကြိမ်စစ်ကြောင်းထိုးပြီး လမ်းကြောင်းမပေါက်သည့် စစ်တပ်စစ်ကြောင်းသည် ယမန်နေ့တွင် မင်းလက်ပံ၊ ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ထိုသို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းလက်ပံဒေသခံတစ်ဦးလည်း ထိခိုက်ခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။
၎င်းက “မင်းလက်ပံရွာသားတစ်ယောက်တော့ ထိခိုက်တယ်။ ဘယ်သူဘယ်ဝါလဲတော့ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့က လက်နက်ကြီးကျမှာ ကြောက်လို့ ရွာထဲ မနေရဲဘူး။ သတင်းပဲကြားတာ။ တချို့ကျတော့လည်း ရွာထဲ နေကြတာပဲ” ဟု ဆိုသည်။
မင်းလက်ပံကျေးရွာတွင် လက်နက်ကြီးများ မကြာခဏကျရောက်ပေါက်ကွဲလေ့ရှိပြီး ရွာသား၊ အိမ်နှင့် အဆောက်အဦးများလည်းထိခိုက်လျက်ရှိသည်။
ယမန်နေ့ကလည်း ရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့သောကြောင့် ဒေသခံ ၁၅၀ နီးပါး ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်း ကာမီကာဇေ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၉ နှစ်ရှိ မင်းလက်ပံဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ မင်းလက်ပံကျေးရွာရှိ နှစ်ထပ်စာသင်ကျောင်း အဆောင်တချို့ ပျက်စီးခဲ့ရသည်။
#ဖလူး #စစ်ကော်မရှင်စစ်ကြောင်း #ပူးပေါင်းတပ် #ThanLwinKhetNews
