ဘုန်းမောင်
စက်တင်ဘာ ၁၁၊ ၂၀၂၃။
မကြာသေးမီကဖော်ပြခဲ့ကြသောအရေးအသားများတွင် အကျဥ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းကချန်ထားရစ်ခဲ့ပြီဟု သုံးနှုန်းဖော်ပြလာကြသည်မျိုး တွေ့ရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော အဖြစ်အပျက်အကျိုးဆက်များသည် လည်း သူမနှင့်လုံးဝသက်ဆိုင်မှုမရှိတော့ကြောင်း ဖော်ပြရေးသားလာခဲ့ကြပါသည်။ ပြီးခဲ့သော ၃၅ နှစ်တာကာလ အတွင်း မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် သူမအနေဖြင့်တောက်လျှောက်ဆိုသလို အဓိကအခန်းကဏ္ဍကပါဝင်နေခဲ့ ပြီး လက်ရှိအချိန်မှာတော့ အဆိုပါထင်မြင်ချက်အား အနီးကပ်ဆန်းစစ်လေ့လာဖို့ လိုအပ်လာပါသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမတ်ဝီနိုင်း သည် ပြီးခဲ့သောဧပြီလအတွင်းကပဲ မြန်မာနိုင်ငံသို့သွား ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်ဟု ဆိုပါသည်။ အဆိုပါ တွေ့ဆုံမှုကပင် ဇာတ်လမ်း၏ အစ ဖြစ်လာပုံပေါ်သည်။ မြန်မာ့အကျပ်အတည်းအတွက် စေ့စပ်ညှိနှိုင်းအဖြေရှာရာတွင် “ကြိုတင် သတ်မှတ်ထား သော စည်းကမ်းချက်များမပါဝင်သည့် တွေ့ဆုံညှိနှိုင်းမှုမျိုး”ကို ဒေါ်အောင်ဆန်းစု ကြည်က ထောက် ခံကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက နောက်ပိုင်းတွင်ပြောဆိုခဲ့လေသည်။ ထိုရွေးချယ်မှုမျိုးကို မြန်မာ စစ်တပ်ဘက်ကကော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ပါက အချိန်ကြာမြင့်စွာကတည်းက လက်မခံ ပယ်ချခဲ့ပြီးဖြစ်ပါသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း၏ခရီးစဥ်က မြန်မာစစ်ကောင်စီနှင့် ဘန်ကောက်တို့အကြား ဆက်ဆံရေးခိုင်မာ အောင် ဆောင်ရွက်ချက်ဖြစ်သလို အာဆီယံ၏တရားဝင်အစည်းအဝေးများပြင်ပတွင် တာဝန်ပြီးဆုံးသွားသည့် ထိုင်း အစိုးရ၏ အဝေဖန်အခံရဆုံးသံတမန်ရေးလမ်းကြောင်းနှစ်ခုဖြင့် ကြိုးပမ်းမှုဖြစ်ကြောင်း NUG နှင့် အခြားအတိုက်အခံအုပ်စုများက ဝေဖန်ပြောဆိုနေကြသည်။ ၎င်းအပြင် ထိုလုပ်ရပ်က အာဆီယံဘုံ သဘောတူညီ ချက် ၅ ချက်ကိုပစ်ပယ် ထားသော မြန်မာစစ်ကောင်စီအပေါ်ဆန့်ကျင်နေကြသည့် ရပ်တည်ချက်များ ပြင်ဆင် လာစေရန် ကြိုးပမ်းအားထုတ်နေသော လက်ရှိအာဆီယံဥက္က အင်ဒိုးနီးရှားကိုလည်း ဖိအားပေးနေသည့်နည်း လမ်းတစ်ခုဖြစ်ကြောင်း အထင်ခံနေရသည်။
ပြစ်မှုမျိုးစုံဖြင့် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟောင်းတို့အား ထူးထူးခြားခြားတွေ့ဆုံခွင့်ပေးမှုသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ လိမ္မာပါးနပ်သော နိုင်ငံရေး နည်းဗျူဟာတစ်ရပ်ဖြစ်ကြောင်း အခြားသောလေ့လာဆန်းစစ်သူများက ပြောဆိုနေကြပါသည်။ အဆိုပါ ရှားရှား ပါးပါးတွေ့ဆုံမှုက အာဆီယံအဖွဲ့ကြီးအား ကွဲပြားသွားစေရန် ၊ အတိုက်အခံလှုပ်ရှားမှုများအား အုပ်စုများ ကွဲပြားသွားစေရန် ၊ နိုင်ငံတကာအသိုင်းအဝိုင်းများကြား သဘောထားကွဲလွဲမှုများ ပြင်းထန်လာစေရန်နှင့် စစ်ကောင်စီကို ဆန့်ကျင်နေကြ သောအင်အားစုများ အားပျော့သွားစေရန် ရည်ရွယ်ဆောင်ရွက်မှုများအဖြစ်လည်း ရှုမြင်နေကြပါသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း၏ ထုတ်ဖော်ကြေညာခြင်းမရှိခဲ့သော နိုင်ငံခြားရေးခရီးစဥ်နှင့် ဒေါ်အောင်ဆန်းစု ကြည် နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ထုတ်ဖော်ကြေညာခဲ့ခြင်းက မြန်မာ့အရေးဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစု ကြည်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်များကြား ကွဲပြားသည့်အမြင်မျိုးရှိနေခြင်းကိုလည်း သိလာခဲ့ရပါသည်။ အချက် ၅ ချက်ပါဘုံသဘောတူညီချက်တွင်တော့ ယခင်ခေါင်းဆောင်ဟောင်းအတွက် ရည်ရွယ်ဖော်ပြထား တာမျိုးမပါဝင်သလို မည်သည့်နိုင်ငံရေးအကျဥ်းသားများအတွက်မှလည်း မပါဝင်ပါ။ သို့သော် စင်ကာပူကဲ့သို့သော အခြားအာဆီယံနိုင်ငံတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ပါဝင်မှုကို အရေးကြီးသည်ဟု ယူဆထားကြဆဲဖြစ် သည်။
ယခုလိုအခြေအနေမျိုးတွင်တော့ ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍကို ထည့်သွင်းစဥ်းစားဖို့လိုပေသည်။ ထို့အတွက် အချက် ၆ ချက်ရှိနေပါသည်။
ပထမအချက်မှာ အတိုက်အခံများ၏အင်အား အားနည်းလာစေရန်နှင့် နောက်ဆုံး လက်နက်ချကာစစ်အုပ်ချုပ်ရေး ကိုလက်ခံလာစေရန်အတွက် စစ်ကောင်စီအား ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပေးဖို့ဖြစ်သည်။ ထိုသို့သာ မဟုတ်ခဲ့ပါက တိုင်းပြည်ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍ လုံးဝ ပါဝင်ရလိမ့်မည်မဟုတ်ဟု အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်များက ပြတ်ပြတ်သားသားဆုံးဖြတ်ထားပြီးဖြစ်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုသို့သောအခန်းကဏ္ဍမျိုးကနေ ပါဝင်လိမ့်မည်မဟုတ်ဆိုသည်ကတော့ ပြောစရာကို မလိုအပ်ပေ။
ဒုတိယအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်တွင်လူကြိုက်များရေပန်းစားလျက်ရှိနေသေးသော ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်က သက်သေပြထားပြီးဖြစ်ပါသည်။ သို့သော် လည်း သူမအစိုးရ ၅ နှစ်တာသက်တမ်းအတွင်း တိုင်းပြည်၏ပြဿနာအများအပြားကို ဖြေရှင်းရန်ပျက်ကွက်ခဲ့ခြင်း က သူမ၏ဆွဲဆောင်မှုကို လျော့နည်းသွားစေခဲ့ပါသည်။ ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူမ၏နေရာကို NUG ၊ PDF နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ပြီးယူလာခဲ့ကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာခဲ့သော NUG နှင့် များပြားလှသည့် လက်နက်ကိုင်အဖွဲ့များက သူမ၏ ငြိမ်းချမ်းစွာပြောင်းလဲရေးဝါဒကို ပယ်ချခဲ့ကြပြီး စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေကြသည်က မှတ်သား ဖွယ်ရာကိစ္စတစ်ခုဖြစ်လာခဲ့သည်။ ထို့ပြင် တော်လှန်ရေးအဖွဲ့အချို့၏ စစ်ကောင်စီလိုလားသူများကို သတ်ဖြတ်ခြင်း ၊ မြို့ပြဒေသများတွင် အရပ်ဘက် စစ်ဘက်မခွဲခြားတော့ဘဲ ဗုံးခွဲတိုက်ခိုက်နေခြင်းများကလည်း အငြင်းပွားဖွယ် နည်းလမ်းတစ်ခုဖြစ်ပြီး သတိပြုရမည့်ကိစ္စလည်းဖြစ်နေပါသည်။
စတုတ္ထအချက်မှာ သူမအား NUG အဖွဲ့အတွင်း နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဆက်လက်ထားရှိထားသည့်ကိစ္စဖြစ် သည်။ သူမသည် ရုပ်ပြခေါင်းဆောင်အဖြစ်မှလွဲ၍ လက်ရှိတွင် မည်သည့်အခန်းကဏ္ဍကမှ ပါဝင်နေသည်မျိုးမရှိဘဲ NUG ၏တချို့သောမူဝါဒများကိုပင် သဘောမတူသည်မျိုးရှိနိုင်ပါသည်။ ဥပမာ ရိုဟင်ဂျာများအပေါ် အလျှော့မပေး သည့် သူမ၏သဘောထားက NUG ၏ချဥ်းကပ်မှုမျိုးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါသည်။
ပဥ္စမအချက်မှာ အတိုက်အခံလှုပ်ရှားမှုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၊ နိုင်ငံရေးအဖွဲ့များ ၊ လက်နက်ကိုင်အဖွဲ့များနှင့် အခြားမတူကွဲပြားသောအင်အားစုများ၏ အစုအဝေးဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ အနေဖြင့် စစ်ကောင်စီဆန့်ကျင်ရေးတပ်ပေါင်းစုအဖြစ် လက်ခံသဘောတူကြသော်လည်း ထိုကဲ့သို့အလွန်အမင်းကွဲ ပျက်နိုင်ခြေရှိနေသောရောနှောမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တစ်ခုတည်းသောအသံ သို့မဟုတ် ပို၍ အရေးကြီးသောအသံမျိုးဖြစ်နေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်ဖြစ်စေ မထောက်ခံသည် ဖြစ်စေ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှုတိုင်းက ကြီးမားသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်ရပေလိမ့်မည်။
အမှန်တကယ်ပင် ပြီးခဲ့သောနှစ်အနည်းငယ်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့ငယ်များစွာ ပေါ်ပေါက်လာခဲ့ကြသည်။ ထိုအဖွဲ့များအတွင်း အဖွဲ့များစွာက NUG သို့မဟုတ် PDF တို့အပေါ် နှုတ်အားဖြင့်ထောက်ခံမှုပေးနေကြသော်လည်း အများစုကတော့ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နေကြသည်။ ဤအဖွဲ့များက အောက်ကျို့ခံလက်နက်ချဖွယ်မရှိ သလို စေ့စပ်ဆွေးနွေးမှုရှိသည်ဖြစ်စေ မရှိဖြစ်စေ နိုင်ငံရေးအခွင့်ထူးခံများကပြောသည့်အတိုင်း လိုက်နာဆောင်ရွက် လိမ့်မည်မဟုတ်ပေ။
နောက်ဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏အချစ်တော်ဖြစ်ခဲ့ဖူးသော်လည်း လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာစွဲချက်များနှင့်ပတ်သက်ပြီး စစ်တပ်ကို ၂၀၁၉ ခုနှစ်ကအကာအကွယ်ပေးခဲ့ဖူးခြင်း ကြောင့် သူမ၏ကျင့်ဝတ်ဆိုင်ရာဩဇာရှိမှုက ပျက်ပြားသွားခဲ့ရသည်။
အနောက်တိုင်းမူဝါဒချမှတ်သူများအတွက် သူမကအရေးပါနေသေးသော်လည်း တစ်ချိန်ကရှိခဲ့သော လွှမ်းမိုးမှုမျိုး ကတော့မရှိတော့ပါ။ မြန်မာနိုင်ငံတွင် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့ပြီးလည်းဖြစ်ပါသည်။
အထက်ပါအချက်များအားလုံးနှင့် ဒွန်း၏ခရီးစဥ်ကပြသနေသည်မှာ စစ်အုပ်စုကိုယ်တိုင်နှင့် အတိုက်အခံလှုပ်ရှားမှု များ ၊ အာဆီယံတို့က သူမ၏ အားကောင်းမှုကို သင်္ကေတတစ်ခုအဖြစ်ရှုမြင်နေကြဆဲဖြစ်သည်။ အဆိုပါအဖွဲ့အစည်း သုံးခုစလုံးအနေဖြင့် (ဖြစ်နိုင်ပါက) ၎င်းတို့အကျိုးစီးပွားများအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချရန်ပြင်ဆင် ထားကြသည်။
နေပြည်တော်တွင်အကျဥ်းချခံထားရပြီး အချို့ပုဂ္ဂိုလ်များကလွဲပြီး မည်သူနှင့်မျှထိတွေ့ခွင့်မရထားဘဲ အထီးကျန် ဖြစ်နေသည့်ဒေါ်အောင်ဆန်းစုကြည်က မည်သို့ပြောဆိုခဲ့သည်ကိုသိရှိရန်မှာခက်ခဲပါသည်။ သို့သော် ရှင်းလင်းသိ သာသောအချက်မှာ မြန်မာနိုင်ငံအနှံ့မှပါဝါဂိမ်းများအတွင်းမှ သူမကိုဖယ်ထုတ်လိုက်ပြီဟူ၍တော့ ယခုအချိန်ထိ သတ်မှတ်နိုင်ခြင်းမပြုနိုင်သေးပါ။
ဘုန်းမောင်
“Andrew Selth” ၏ “Has history left Aung San Suu Kyi behind” ကို ဆီလျော်အောင်ရေးသားသည်။