![]()
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာပြီဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ယခုလထုတ် နောက်ဆုံးစစ်တမ်းအရ သိရသည်။
၂၀၂၄ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၅,၂၀၀ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း တိုးလာကာ ခန့်မှန်းခြေအားဖြင့် ဟက်တာ ၅၃,၁၀၀ အထိ ရောက်ရှိခဲ့ကြောင်း စစ်တမ်းက ဖော်ပြသည်။
ထိုသို့တိုးမြှင့်မှုကြောင့် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁,၀၁၀ ဖြင့် ကမ္ဘာပေါ်၌ တရားမဝင် ဘိန်းထုတ်လုပ်မှုအများဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။
ဘိန်းစိုက်ပျိုးမှု အများစုမှာ ရှမ်းပြည်နယ်တွင် ဆက်လက်တည်ရှိနေပြီး နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၈၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ်တွင် ရှမ်းပြည်နယ်ရှိ စိုက်ပျိုးဧရိယာသည် ၁၇ ရာခိုင်နှုန်း တိုးလာကာ ၄၆,၇၀၀ ဟက်တာအထိ ရှိသည်။
ထို့အပြင် ချင်းပြည်နယ်တွင်လည်း ဘိန်းစိုက်ဧရိယာ ၂၆ ရာခိုင်နှုန်း တိုးလာပြီး ၁၀,၄၀ ဟက်တာအထိရှိလာသည်ဟု ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းအတွင်း၌လည်း ဘိန်းစိုက်ပျိုးမှု ဟက်တာ ၅၅၂ ရှိပြီး ဘိန်းခြောက်ထုတ်လုပ်နိုင်မှု ၁၀.၆ မက်ထရစ်တန်ခန့်ရှိသည်ဟု အစီရင်ခံစာက ဆိုထားသည်။
UNODC စစ်တမ်းက လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် တရားမဝင် ဘိန်းစိုက်ပျိုးရေး၏ အဓိကတွန်းအားဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ဘိန်းထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပုံရကြောင်း မီးမောင်းထိုးပြထားသည်။
ပဋိပက္ခများ ကျယ်ပြန့်လာခြင်းနှင့် လက်နက်ကိုင်အဖွဲ့များအကြား ထိန်းချုပ်မှု အပြောင်းအလဲများက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှဘိန်းအထွက်နှုန်း သိသိသာသာ ကျဆင်းရခြင်း၏ အကြောင်းရင်းများ ဖြစ်သည်ဟု ထောက်ပြထားသည်။
#မြန်မာဘိန်းစိုက်ပျိုးမှု #ဆယ်စုနှစ် #အမြင့်ဆုံးရောက်ရှိ #ThanLwinKhetNews
