ကောင်းချစ်အောင်
စက်တင်ဘာ ၁၂၊ ၂၀၂၃။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးတွဲစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က အရာရှိများအပါအဝင် ၈၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး က သတင်းထုတ်ပြန်ထားသည်။
“ကနောင်စစ်ဆင်ရေး“ဟုအမည်ပေးထားသည့် TNLA နှင့် ပူးတွဲစစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက စပြီး မတ္တရာ၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များတွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဇူလိုင် ၁၅ရက်မှ စက်တင်ဘာ ၁၀ ရက်အတွင်း မြေပြင်တိုက်ပွဲ ၉ ကြိမ်၊ ဒရုန်းစစ်ဆင်ရေး ၈ ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူး ၁ ဦးနှင့် ဒုစစ်ကြောင်းမှူး ၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၆ ဦးထက်မနည်းသေဆုံးမှုရှိခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း သိရသည်။
မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) ကို ဇူလိုင်လ ၁၅ ရက်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးခဲ့ကာ စစ်ကူလာသည့် ကားကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု မန္တလေး – PDF စစ်ဦးစီးအဖွဲ့က ဆိုသည်။
ဩဂုတ် ၄ ရက်ကလည်း စစ်တပ်ယာဥ်တန်းကို နောင်ချိုမြို့အနီးတွင် ခြုံခိုတိုက်ပွဲဆင်နွှဲခဲ့သဖြင့် အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ဩဂုတ်လ ၁၀ ရက်တွင် အဆိုပါယာဉ်တန်းကိုပင် ထပ်မံမိုင်းဆွဲခဲ့ရာ ၁၀ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံက MA-1 ၄ လက်၊ MA-2 ၇ လက်၊ MA-3 ၉ လက်၊ က.ပ.စ ထုတ်Sniper ၁ လက်၊ MA-5 Glock ၁ လက်၊ 5.56 mmကျည် ၁၈၇၅ တောင့်၊ ကျည်ဘောက်များနှင့် အခြားစစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိ TNLA နှင့် တိုက်ပွဲများပူးတွဲဖော်ဆောင်လျက်ရှိသည့် ကနောင်စစ်ဆင်ရေးသည် ပြီးဆုံးသေးခြင်းမရှိဘဲတပ်မ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ၂၅၇ နှင့် စ.က.ခ – ၁ လက်အောက် ခမရ ၅၀၂ စသည့်စစ်ကောင်စီအင်အား ၄၀၀ နီးပါးနှင့် ထိပ်တိုက်ရင်ဆိုင်နေပြီး စစ်ရေးတင်းမာလျက်ရှိနေသည်ဟုလည်း မန္တလေး – PDF က အသိပေးထားသည်။
ဓာတ်ပုံ– ပြည်သူ့ကာကွယ်ရေးတပ်မတော် –မန္တလေး
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1957
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5592