![]()
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း စစ်အုပ်စုကိုယ်စားလှယ်များနှင့် မတွေ့ဆုံခဲ့ဟု ဒီဇင်ဘာ ၃ တွင် ထုတ်ပြန်ခဲ့သည်။
NUCC သည် Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ) ထံမှ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားချက်ကို ၂၀၂၅ နိုဝင်ဘာလ ၄ ရက်တွင် လက်ခံရရှိခဲ့သည်ဟုဆိုသည်။
ဖိတ်ကြားချက်ရရှိပြီးနောက် NUCC က အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် ပါဝင်မည့် အဖွဲ့အစည်းများကို ရှင်းလင်းစွာ မေးမြန်းခဲ့ပြီး စစ်အုပ်စုကိုယ်စားလှယ်များ လုံးဝမပါရှိကြောင်း သေချာမှသာ NUCC မှ ကိုယ်စားလှယ် နှစ်ဦးကို စေလွှတ်ခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက တော်လှန်ရေး အင်အားစုများအတွင်း စစ်တပ်နှင့် ခိုးတွေ့မှုများရှိနေသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် NUCC အနေဖြင့် ယခုကဲ့သို့ ၎င်းတို့၏ ရပ်တည်ချက်နှင့် သဘောထားကို အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်ချက်ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၅ ရက်မှ ၃၀ ရက်အထိ ယိုဂျာ့ကာတာ၌ ပြုလုပ်ခဲ့သော အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” ဖြစ်သည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် အင်ဒိုနီးရှား၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို လေ့လာခြင်းနှင့် အမြင်ဖလှယ်ခြင်းတို့ကိုသာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
NUCC ကိုယ်စားလှယ်များသည် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး စစ်အုပ်စုကိုယ်စားလှယ်များနှင့် မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင်မျှ တွေ့ဆုံခဲ့ခြင်းမရှိဟု အခိုင်အမာ ဖော်ပြသည်။
NUCC အနေဖြင့် တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုလျက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်များနှင့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲရပ်တည်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
