သံလွင်ခက်။
စက်တင်ဘာ ၁၁၊ ၂၀၂၃။
မူတြော်ခရိုင်ရှိပြည်သူများအပေါ်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေမှုများနှင့်ပတ်သက်၍ ကမ္ဘာ့ ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက လက်တွေ့ကျသည့်နည်းလမ်းများဖြင့် စစ်ကောင်စီကို အရေးယူ ရန် ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ကမ္ဘာ့ကုလသမဂ္ဂ နှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာတရားရေးဆိုင်ရာယန္တရားများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ထိရောက်လက်တွေ့ကျသည့်နည်းလမ်းများဖြင့် တိုးချဲ့ပိတ်ဆို့ အရေးယူမှုများဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်က ဖာပွန်မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ် နယ်မြေကို စစ်ကောင်စီက တစ်ရက်တည်း ၃ ကြိမ်တိုင်တိုင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့သည်။
စက်တင်ဘာ ၇ ရက်တွင်လည်း စစ်ကောင်စီက မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူးကျေးရွာအုပ်စု သေသူးခီး ကျေးရွာသို့ ၁ ကြိမ်၊ လယ်မုပလောကျေးရွာအုပ်စု ကော်ရော်ဘောထကျေးရွာသို့ ၁ ကြိမ်၊ ဒွယ်လိုးမြို့နယ်၊ နာကိုးခီးကျေးရွာအုပ်စု ထီးကော်ထာရွာသို့ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများက ဘာသာရေးအဆောက်အဦ ၊ စာသင်ကျောင်းနှင့် အရပ်သားပြည်သူများကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ကျောင်းဆရာမ ၁ ဦး၊ ကျောင်းသား ၅ ဦးအပါအဝင် စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာသင်ကျောင်း ၁ ကျောင်း၊ ကျောင်းသားအဆောင် ၁ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ ဝတ်ပြု ဆုတောင်းရာ နေရာ ၁ နေရာနှင့် လူနေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၈၇ ကြိမ် ရှိသည်ဟု ၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး သြဂုတ်လ ၁၀ ရက်တွင်ပြုလုပ်သည့် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူး က ပြောဆိုထားသည်။
ပုံစာ – စက်တင်ဘာ ၃ ရက်တွင် စစ်ကောင်စီတပ်က တပ်မဟာ ၃ နယ်မြေ ငထွေစုပ်ကျေးရွာကို လေကြောင်းဖြင့် တိုက်ပြီးနောက် မြင်ကွင်း။
Photo – KNU